အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာ သွင်းယူခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအတွက် မက်ဆီ တဦးတည်း ၅ ဂိုးသွင်းကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဂျင်တီးနားက ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဂိုးအားလုံးကို မက်ဆီတဦးတည်းက သွင်းယူခဲ့ကာ ထူးထူးခြားခြားခြေစွမ်းပြသွားခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၈၆ ဂိုးအထိ မက်ဆီက ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့်လည်း မက်ဆီက နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံး ၃ ဦးစာရင်းကို ဝင်ရောက်နိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပြီး တတိယနေရာကကစားသမားနဲ့ ၃ ဂိုးသာကွာဟပါတော့တယ်။ မက်ဆီက အဖွင့်ဂိုးကို ပင်နယ်တီနဲ့စဖွင့်ခဲ့ပြီး ကျန်သွင်းဂိုးအားလုံးကိုတော့ ပုံမှန်အနေအထားကနေ သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ မက်ဆီက "ကမ္ဘာ့ဖလားအပြီးမှာ ကျနော်ဘာလုပ်မယ်ဆိုတာကို မသိသေးဘူး၊ အခုကတော့ လာမယ့်အရာတွေအတွက်ပဲ စဉ်းစားနေတယ်၊ ကာတာကမ္ဘာ့ဖလားပြီးရင်တော့ ကျနော်အကဲဖြတ်စရာတွေ အများကြီးရှိပါလိမ့်မယ်၊ ဒီပွဲတွေကို ဖြစ်နိုင်သမျှ အကောင်းဆုံး​ဖြစ်အောင် မျှော်လင့်ရပါမယ်၊ ကမ္ဘာ့ဖလားပြီးရင်တော့ အများကြီးပြောင်းလဲသွားမှာ သေချာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

မက်ဆီဟာ ဒီပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့မှုက ပြီးခဲ့တဲ့ရာသီတခုလုံးမှာ ပီအက်စ်ဂျီအတွက် သွင်းယူခဲ့တဲ့ လိဂ်ဂိုးစုစုပေါင်းထက် ၁ ဂိုးသာ လျော့နည်းခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအတွက် တပွဲတည်းမှာ ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့​လို ၄ ဂိုးသွင်းနိုင်မှုကလည်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လက်ရွေးစင်အသင်းအတွက် ၈ ကြိမ်မြောက်ဟက်ထရစ်လည်းရရှိခဲ့သလို ကစားသမားဘ၀မှာ ၅၆ ကြိမ်မြောက်ဟက်ထရစ်ဖြစ်လာခဲ့ပြီး ရော်နယ်ဒိုနောက် ၄ ကြိမ်အကွာမှာ ရှိနေပါတယ်။ ၂၀၁၂ မှာ လေဗာကူဆင်ကို ချန်ပီယံလိဂ်ပွဲမှာ ၅ ဂိုးသွင်းအပြီး ဒီတကြိမ်သွင်းယူမှုက ဒုတိယမြောက်အကြိမ်ဖြစ်ကာ အာဂျင်တီးနားအတွက် နောက်ဆုံး ၁၀ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က