အခုတော့ ပီလီဟာ မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။

ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမားကြီး ပီလီကတော့ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ရာစုနှစ်ရဲ့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံခဲ့ရပြီး ဘောလုံးကစားသမားတိုင်းရဲ့ လေးစားအားကျမှုကို ရရှိခဲ့တဲ့ ဘရာဇီးလ်အကျော်အမော်က သူ့ကစားသမားဘ၀မှာ စံချိန်အများအပြားကို ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်အထိ ရယူနိုင်တဲ့ တဦးတည်းသော ကစားသမားကြီးလည်းဖြစ်ပါတယ်။ 

ပီလီဟာ ကမ္ဘာ့ဖလားကို ဆယ်ကျော်သက်အရွယ်မှာပဲ ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာ အသက်အငယ်ဆုံးဆွတ်ခူးသူဖြစ်ခဲ့ပါတယ်။ ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဆွီဒင်ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တုန်းက ပီလီရဲ့ အသက်က ၁၇ နှစ်နဲ့ ၂၄၉ ရက်သာ ရှိသေးတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဘရာဇီးလ်က ၅-၂ နဲ့ အနိုင်ရခဲ့ပြီး ပီလီက ၂ ဂိုးသွင်းခဲ့ကာ ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 


ပီလီဟာ ဘရာဇီးလ်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် ၉၂ ပွဲအထိ ကစားပေးခဲ့ပြီး ၇၇ ဂိုး သွင်းယူပေးခဲ့ကာ လက်ရှိမှာတော့ သူ့ရဲ့ ဂိုးသွင်းစံချိန်ကို နေမာက လိုက်မီထားပြီး သူတို့နှစ်ဦးက ပူးတွဲဦးဆောင်နေပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖန်တီးပေးမှုအများဆုံးကစားသမားအဖြစ်နဲ့လည်း ပီလီက ရပ်တည်နေပါတယ်။ စုစုပေါင်း ၁၀ ကြိမ်အထိ ဖန်တီးပေးထားတာဖြစ်ပြီး အဲဒီထဲက ၇ ကြိမ်ကတော့ ၁၉၇၀ ပြိုင်ပွဲတခုတည်းမှာ လုပ်ပြနိုင်ခဲ့တာပါ။ ဒါဟာ ကစားသမားတဦးက ပြိုင်ပွဲတခုတည်းမှာပဲ အများဆုံးဖန်တီးပေးထားမှုလည်းဖြစ်ပါတယ်။ 


ကမ္ဘာ့ဖလားကို ၃ ကြိမ်တိုင်တိုင် ရယူနိုင်တဲ့ ပထမဆုံးကစားသမားနဲ့ တဦးတည်းသော ကစားသမားအဖြစ်နဲ့လည်း ပီလီက ရှိနေခဲ့ပါတယ်။ ဆုဖလား ၁ လုံးကိုတော့ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးဘ၀ကို ရောက်ချိန်မှာ ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ်မှာ ပြင်သစ်ဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပြီး သူက အသက်အငယ်ဆုံးဟက်ထရစ်ရှင်ဖြစ်ခဲ့ပါတယ်။ ဒီမှတ်တမ်းကို အခုချိန်ထိ ဘယ်သူကမှ မချိုးဖျက်နိုင်သေးဘဲ အခိုင်အမာရပ်တည်နိုင်ခဲ့ကာ ဂုဏ်ယူဖွယ်ကောင်းခဲ့ပါတယ်။ 


ဆန်းတို့စ်ကစားသမားဟောင်းဟာ ဘောလုံးသမိုင်းမှာ ဟက်ထရစ်အများဆုံးသွင်းယူနိုင်သူလည်းဖြစ်ပါတ်ယ။ ဖီဖာ၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင်တယ်လို့ အတည်ပြုထားတဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ပီလီက ဟက်ထရစ်ပေါင်း ၉၂ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က