အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ ကစားသမား မက်ဆီကတော့ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးတော့မှာကို သိထားကြောင်းနဲ့ ဒီလိုမျိုး ပြီးဆုံးတော့မှာကို အနည်းငယ် ထိတ်လန့်မိကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲအတွက် ပြင်ဆင်နေတာပါ။
နောက်ဆုံးကစားထားတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားက ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါ့အပြင် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း မက်ဆီက အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါသေးတယ်။
ကစားသမားဘဝ အဆုံးသတ်ပိုင်းနဲ့ပတ်သက်လို့ မက်ဆီက “အင်တာမိုင်ယာမီက ကျနော့်အတွက် နောက်ဆုံးကလပ်အသင်းဖြစ်လာမှာပါ။ ဒီနေ့ အတွေးအရတော့ ဒါက ကျနော့်အတွက် နောက်ဆုံးအသင်းပါ။ ကျနော် ဘောလုံးကစားရတာကို ချစ်မြတ်နိုးပါတယ်။ အခုဆို ကစားရတိုင်း အရမ်းကို ကျေနပ်မက်မောရတာပါ”
“ဘာကြောင့်လဲဆိုတော့ ကျနော့်အတွက် ကစားရမယ့်အချိန်က နည်းသထက် နည်းလာပြီလေ။ ကစားသမားဘဝ အဆုံးသတ်သွားမှာကို ကျနော် နည်းနည်းတော့ ကြောက်ရွံ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးက ကျနော့်ဘဝဖြစ်ခဲ့ပြီး အရာအားလုံး ပြီးဆုံးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မက်ဆီရဲ့ အသက်အရွယ်အရ ဒီနွေရာသီမှာ ကစားမယ့် ကိုပါအမေရိကပြိုင်ပွဲက နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သူနဲ့ အင်တာမိုင်ယာမီအကြား ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း (၂၀၂၅) ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။