အခု ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲက ကစားသမားဘဝ နောက်ဆုံးသော ယူရိုပြိုင်ပွဲဖြစ်ကြောင်း ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် (၃၉) နှစ်ရှိနေပြီလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အသက်အရွယ်အရ နောက်ထပ် ယူရိုပြိုင်ပွဲ ကျင်းပမယ့် အချိန်မှာ အသက် (၄၃) နှစ်အထိ ရှိနေမှာပါ။ အဲ့ဒါကြောင့်လည်း ကစားသမားတစ်ယောက်အနေနဲ့ ကစားဖို့ သင့်တော်တဲ့ အရွယ်မျိုး မဟုတ်တော့ဘူးလို့ အားလုံးက လက်ခံထားရပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ယူရို-၂၀၁၆ မှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အခု ယူရိုပြိုင်ပွဲနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “အခု ယူရိုပြိုင်ပွဲက ကျနော့်အတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း ကျနော် ဒီအတွက် စိတ်ခံစားချက် ပြင်းထန်နေမှာ မဟုတ်ပါဘူး”
“ကျနော့်ဆီမှာ ဘောလုံးနဲ့ပတ်သက်လို့ စိတ်အားထက်သန်မှုရှိနေဆဲပါ။ ကျနော့်ပရိသတ်တွေရော၊ မိသားစုတွေမှာရော ဒီလိုပါပဲ။ နောက်ပြီး ဒါက ဘောလုံးလောက,ကနေ ထွက်ခွာသွားမယ့် သဘောလည်း မဟုတ်ပါဘူး။ ကျနော် ဒီမှာ အောင်ပွဲခံရုံကလွဲလို့ အခြား ဘာလုပ်စရာရှိမှာလဲ” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ပေါ်တူဂီဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ပွဲကျပ်တစ်ပွဲအဖြစ် နာမည်ကြီး ပြင်သစ်နဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။