ဘာစီလိုနောက်ခံလူ ပီကေးဟာ မနေ့ညက ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ စပိန်လာလီဂါပွဲစဥ်မှာ ပွဲထွက်ခွင့်မရပေမယ့် အရန်ခုံမှာသာ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင်ကစားဖို့ စီစဥ်ထားခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမားကတော့ ပထမပိုင်းအပြီးမှာတင် ကွင်းထဲကနေ အထုတ်ခံလိုက်ရပြီး ကစားသမားဘဝ နောက်ဆုံးပွဲကိုတောင် ဝင်ကစားခွင့်မရရှိလိုက်ပါဘူး။ ဒီပွဲမှာတော့ ဘာစီလိုနာက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းမှာ ဘာစီလိုနာတို့ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတဲ့အပြင် အသင်းရဲ့ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးပါ အထုတ်ခံခဲ့ရတာပါ။ အထူးသဖြင့် ဘာစီလိုနာတို့ ပေးလိုက်ရတဲ့ ထောင့်ကန်ဘောက မပေးသင့်တဲ့ ထောင့်ကန်ဘောလို့ ယူဆခဲ့ကြပြီး ပီကေးကလည်း ပထမပိုင်းအပြီးမှာ ဒီအငြင်းပွားစရာဖြစ်ရပ်တွေအတွက် ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ပါတယ်။
ဒါပေမယ့် ပီကေးရဲ့ စောဒကတက်ပုံက တော်တော်လေး ပြင်းထန်သွားခဲ့ပြီး ကွင်းလယ်ဒိုင်က သူ့ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ဒိုင်လူကြီးမန်ဇာနိုကို စောဒကတက်နေချိန်မှာ ပီကေးက “ခင်ဗျားက ဘာစီလိုနာကို ဒုက္ခအပေးဆုံး ဒိုင်လူကြီး၊ တော်တော်ရှက်ဖို့ကောင်းတဲ့လူပဲ” လို့ ပြောကြားခဲ့တဲ့အပြင် အမေနဲ့ပါ တိုင်းထွာဆဲဆိုခဲ့ကြောင်း သိရှိရပါတယ်။
ပီကေးပြောခဲ့တဲ့စကားတွေကိုလည်း ကွင်းလယ်ဒိုင် မန်ဇာနိုက သူ့ရဲ့ ပွဲပြီး အစီရင်ခံစာထဲမှာ ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။ မန်ဇာနိုဟာ ဘာစီလိုနာပရိသတ်တွေ မျက်မုန်းကျိုးရတဲ့ ဒိုင်လူကြီးတယောက်ဖြစ်ပြီး သူ့ရဲ့ ဒိုင်လူကြီး သက်တမ်းတလျှောက်မှာ နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်တို့လို ကစားသမားတွေကိုလည်း အနီကတ်ပြ ထုတ်ပယ်ခဲ့ဖူးပါတယ်။
အခု ဒီတပွဲမှာတော့ လီဝန်ဒေါစကီးကိုပါ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ပီကေးကိုလည်း ကစားသမားဘဝနောက်ဆုံးပွဲမှာ ကွင်းထဲတောင် ဝင်ကစားခွင့်မပေးလိုက်ဘဲ အနီကတ်နဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။ ပီကေးဟာ ပြီးခဲ့တဲ့ စနေနေ့က ဘာစီလိုနာပရိသတ်တွေကို နူးကမ့်ကွင်းထဲ နှုတ်ဆက်ခဲ့ပြီးဖြစ်ကာ ကစားသမားဘဝကနေ အနားယူတော့မှာလည်း ဖြစ်ပါတယ်။