အဂွေရိုအတွက် အလုပ်တွေ တန်းစီနေတာဖြစ်ပါတယ်။

ဘာစီလိုနာမှာ ကစားရင်း ကစားသမားဘဝကနေ အနားယူသွားတဲ့ အဂွေရိုကို ခန့်အပ်ဖို့အတွက် အလုပ် (၄) ခုအထိ အသင့်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဂွေရိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တာပါ။



အဂွေရိုအနေနဲ့ ဘာစီလိုနာမှာ ကစားရင်း နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရတာဖြစ်ပြီး ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တာကြောင့် အခုလိုပဲ အနားယူခဲ့ရတာဖြစ်ပါတယ်။ အဂွေရိုအနေနဲ့ သူ့ရဲ့ ကစားသမားဘဝ အတောက်ပဆုံးအချိန်တွေကို မန်စီးတီးမှာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး မန်ချက်စတာမြို့ခံအသင်းကတော့ အဂွေရိုကို အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ဖို့ အသင့်ရှိနေပါတယ်။

ဒါ့အပြင် အီတိဟတ် ကွင်းပြင်ပမှာလည်း ဒေးဗစ်ဆေးလ်ဗား၊ ကွန်ပနီတို့နည်းတူ အဂွေရိုရဲ့ ပုံတူရုပ်ထုကို ထားရှိသွားမှာပါ။ အဂွေရိုအတွက် နောက်ထပ် အခွင့်အရေးကတော့ အာဂျင်တီးနားလက်ရွေးစင် နည်းပြ စကာလိုနီရဲ့ နည်းပြအဖွဲ့မှာ ပါဝင်ခွင့်ဖြစ်ပြီး အယ်လ်ဘာစီတီ လူငယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နိုင်ပါသေးတယ်။

အဂွေရိုဟာ အခြားသော ကစားသမားဟောင်းတွေနည်းတူ ရုပ်သံဝေဖန်သူအဖြစ်လည်း ဆောင်ရွက်နိုင်ပြီး သူ့ကို ခန့်အပ်ဖို့အတွက် ရုပ်သံလိုင်းအချို့ကလည်း အဆင်သင့်ဖြစ်နေပါတယ်။ အများစုကတော့ အဂွေရိုအနေနဲ့ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်သာ ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

အဂွေရိုကတော့ လက်ရှိအချိန်မှာ သူ့ရဲ့မိသားစုနဲ့အတူ အနားယူရင်း သူတည်ထောင်ထားတဲ့ Esports အသင်းအတွက် လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေကို ပြုလုပ်နေပါတယ်။

အဂွေရိုဟာ ဘာစီလိုနာနဲ့ နှစ်နှစ် စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး လက်ရှိရာသီအတွက် လစာငွေကို ပုံမှန်အတိုင်း လက်ခံသွားမှာဖြစ်ပေမယ့် နောက်ဆုံးနှစ်အတွက် စာချုပ်ကိုတော့ နှစ်ဦးသဘောတူ ဖျက်သိမ်းသွားမယ်လို့ သိရှိရပါတယ်။ 

Share

က္က