ပေါ့ဘာတစ်ယောက် ဒဏ်ရာထပ်မံရရှိခဲ့တာပါ။

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာဟာ မနေ့ညက ခရီမိုနီစ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဥ်မှာ အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူက ပွဲကစားချိန် (၂၄) မိနစ်မှာတင် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခံလိုက်ရပြန်ပါတယ်။



ပေါ့ဘာအတွက် ဒီပွဲက ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်၊ ဧပြီ (၂၄) ရက်နေ့နောက်ပိုင်း ပထမဆုံးအဖြစ် ပွဲထွက်ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း သူက ကွင်းထဲမှာ နာရီဝက်တောင် မကြာခဲ့ဘဲ ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။



ပြီးခဲ့တဲ့ ကြားရက်က ကစားခဲ့တဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပေါ့ဘာက အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ပေါ့ဘာတစ်ယောက် ပြန်လာနိုင်ပြီလားလို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီကစားသမားက အခုပွဲမှာတင် ဒဏ်ရာထပ်မံရရှိခဲ့ပြီး အနားယူရတော့မှာဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းထဲမှာတင် ငိုကြွေးခဲ့ပြီး ပရိသတ်အချို့ကတော့ ပေါ့ဘာရဲ့ ကစားသမားဘဝက အဆုံးသတ်ဖို့ နီးစပ်လာပြီလို့ ဆိုနေကြပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း ဆိုးရွားတဲ့ ဒူးဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

အဲ့ဒီနောက်ပိုင်း တစ်ရာသီလုံးမှာ ပေါ့ဘာတစ်ယောက် ဆက်တိုက် ရုန်းကန်နေရပြီး အခုပွဲမှာလည်း ပြန်လာနိုင်ဖို့ ကြံခါရှိသေး၊ ဒဏ်ရာထပ်မံရရှိသွားခဲ့တာပါ။ ဒဏ်ရာရအပြီး ကွင်းထဲမှာ ငိုကြွေးနေတဲ့ ပေါ့ဘာကို အသင်းဖော်တွေကလည်း ဝိုင်းဝန်းနှစ်သိမ့်ခဲ့ကြပြီး ဒီဒဏ်ရာကြောင့် ပေါ့ဘာတစ်ယောက် ဂျူဗင်တပ်စ်မှာ အနာဂတ်ဆက်ရှိဖို့လည်း ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က