အယ်လ်နာဆာတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားပြီလို့ ပြောဆိုခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား တုံ့ပြန်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအတွက် ခြေစွမ်းပြနေတာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအတွက် ဆော်ဒီလိဂ်သွင်းဂိုး (၉) ဂိုးနဲ့ ဂိုးဖန်တီးမှု (၆) ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးဟာ အသင်းဟောင်း ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဆောင်းရာသီကာလမှာ အာရှမြေကို ရောက်ရှိလာခဲ့တာပါ။
ဒီလိုမျိုး ရော်နယ်ဒို အာရှမြေကို ပြောင်းရွှေ့သွားခဲ့တာကြောင့် အချို့တွေကတော့ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ အဆုံးသတ်သွားပြီ၊ ရော်နယ်ဒို နေဝင်သွားပြီလို့ အမျိုးမျိုး ဝေဖန် သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အခုချိန်အထိ သူ့ရဲ့ ကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းအတွက်ပါ အဓိက,ကစားသမားအဖြစ် ရှိနေဆဲပါ။
အယ်လ်အာလီကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာလည်း ရော်နယ်ဒိုက “လူတွေက ရော်နယ်ဒိုတစ်ယောက် ပြီးဆုံးသွားပါပြီကွာလို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒါတွေက မမှန်ကန်ပါဘူး။ ကျွန်တော့်ခြေထောက်တွေက “ခရစ္စတီယာနိုရေ။ ငါမရတော့ဘူး” လို့ ပြောတဲ့အချိန်အထိ ဆက်ကစားနေဦးမှာပါ။ ကျွန်တော် အများကြီး လုပ်နိုင်ပါသေးတယ်”
“ဘောလုံးကို ချစ်မြတ်နိုးဆဲ၊ ဂိုးတွေ သွင်းယူနိုင်ဆဲပါ။ အနိုင်ရတာကို ကျွန်တော် သဘောကျပါတယ်။ လူတွေက ကျွန်တော့်ကို ပြီးသွားပြီလို့ ပြောနေကြပေမယ့် ဒါတွေက မှားယွင်းတယ်ဆိုတာကို ကျွန်တော် အခုချိန်အထိ သက်သေပြနေဆဲပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။