ပြင်သစ်နဲ့ အာဆင်နယ်တို့ရဲ့ နာမည်ကျော် ဂန္တဝင်ဟောင်း အွန်နရီက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ စိတ်ကျရောဂါကို ခံစားခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အွန်နရီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
အာဆင်နယ်မှာလည်း မက်လောက်စရာ အောင်မြင်မှုတွေရရှိခဲ့သည့်တိုင် သူ့ရဲ့ ကစားသမားဘဝမှာ ရုန်းကန်ခဲ့ရတဲ့ အဖြစ်တွေကို အခုမှ ဖွင့်ဟလာခဲ့တာပါ။ အွန်နရီက “ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ကျွန်တော် စိတ်ကျရောဂါကို ခံစားခဲ့ရပါတယ်။ ကျွန်တော် ဒါကို သိခဲ့လားဆိုရင် မသိခဲ့သလို တစ်ခုခု လုပ်ခဲ့သလားဆိုရင်လည်း မလုပ်ခဲ့ပါဘူး”
“ဒါပေမယ့် ကျွန်တော် ဒါနဲ့ အသားကျအောင် နေထိုင်ခဲ့ပါတယ်။ အချိန်အကြာကြီး ကျွန်တော် လိမ်ညာခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ လူမှုအသိုင်းအဝိုင်းက ဒါတွေကို နားထောင်ပေးဖို့ အဆင်သင့်မဖြစ်သေးလို့ပါ။ ကိုဗစ်ကာလမှာ ဒါမျိုး ထပ်ဖြစ်ပါတယ်။ ကျွန်တော်က နေ့တိုင်းနီးပါး အကြောင်းပြချက်မရှိ ငိုနေခဲ့တာပါ”
“ဘာကြောင့်လဲမသိပေမယ့် မျက်ရည်က သူ့အလိုလိုကျနေခဲ့ပါတယ်။ ကစားသမားဘဝမှာ ဒါကို ဖုံးကွယ်ထားလို့ရပေမယ့် အခုတော့ မရတော့ပါဘူး။ ကျွန်တော်တို့က ပြဿနာ တစ်ခုခုဖြစ်တဲ့အခါ ရင်ဆိုင်ဖို့ထက် ရှောင်ပြေးဖို့ကို ပိုပြီး စဉ်းစားကြပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
အွန်နရီဟာ ငယ်စဉ်ကလည်း အဖေဖြစ်သူ စိတ်ကျေနပ်အောင် ကစားပေးဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့အဖေဟာ အွန်နရီရဲ့ အသင်း (၆) ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာ အွန်နရီတစ်ယောက်တည်းက (၆) ဂိုးသွင်းနိုင်ခဲ့သည့်တိုင် အသုံးမချနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို ပြန်လည်ထောက်ပြလေ့ရှိကြောင်း အွန်နရီက ဖွင့်ဟထားခဲ့ပါတယ်။