နည်းပြက လူရှေ့သူရှေ့မှာတင် အကြီးအကျယ်ပေါက်ကွဲခဲ့တာပါ။

တူရကီလိဂ်မှာ ကစားနေတဲ့ ဘာလိုတယ်လီကတော့ သူ့အသင်းနည်းပြ မွန်တဲလားကို အကြီးအကျယ် ဒေါသပေါက်ကွဲအောင်လုပ်ခဲ့ပြီး မွန်တဲလားကို နည်းပြအဖွဲ့ဝင်တွေက ဝိုင်းဆွဲခဲ့ရတယ်လို့ သိရှိရပါတယ်။ မွန်တဲလားဟာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဘာလိုတယ်လီကစားနေတဲ့ အဒါနာဒီမာစပေါ်ကို နည်းပြအဖြစ် ကိုင်တွယ်လျက်ရှိပါတယ်။



တူရကီစူပါလိဂ်ပွဲစဥ်တပွဲဖြစ်တဲ့ အမ်ရာနီယီနဲ့ပွဲအပြီးမှာ ဘာလိုတယ်လီက နည်းပြမွန်တဲလားရဲ့ ဒေါသကို အဆုံးစွန်ထိ ဆွပေးခဲ့ဟန်ရှိပြီး သူနဲ့ထိပ်တိုက်တွေ့ဖို့အတွက် မွန်တဲလားက ကြိုးစားခဲ့ပါတယ်။ မွန်တဲလားဟာ တော်တော်လေး ဒေါသပေါက်ကွဲနေပုံရပြီး သူ့ကို အသင်းဝန်ထမ်းတွေက အသည်းအသန် တားမြစ် ဖျန်ဖြေခဲ့ရတာကိုလည်း ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။


ပွဲအပြီး ဒိုင်လူကြီးနဲ့ နှုတ်ဆက်ပြီးတဲ့နောက် ဘာလိုတယ်လီက မွန်တဲလားကို နောက်ကနေ တခုခုပြောလိုက်ဟန်ရှိပြီး မွန်တဲလားက ဘာလိုတယ်လီရဲ့ ပြောစကားအပေါ် ဒေါသပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။ ဘာလိုတယ်လီဟာ ဘောလုံးလူဆိုးတယောက်အဖြစ် နာမည်ကြီးခဲ့ပြီး နည်းပြတွေနဲ့ပတ်သက်လာရင်လည်း ဘယ်သူ့ကိုမှ အထာမထားဘဲ ထိပ်တိုက်တွေ့လေ့ရှိတဲ့ ကစားသမားပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မွန်တဲလားက “ကျနော် ပြောနိုင်တာက ကျနော်တို့ ဘာလိုတယ်လီဆီက အများကြီးမျှော်လင့်ထားတယ်ဆိုတာပါပဲ။ ပွဲအပြီးမှာ ဒါမျိုးတွေကဖြစ်တတ်ပါတယ်။ ကျနော့်အတွက် ဒီကိစ္စက ပြီးသွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာလိုတယ်လီဟာ ဒီရာသီ ဒီမာစပေါ်အတွက် ပွဲထွက်ခွင့်မရရှိသေးဘဲ လူစားဝင်ကစားသမားအဖြစ်သာ (၂) ပွဲ ပါဝင်ကစားခွင့်ရရှိထားပါတယ်။ ဒီ (၂) ပွဲလုံးမှာလည်း ဘာလိုတယ်လီက ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီမာစပေါ်ဟာ လက်ရှိ လိဂ်ပွဲ (၄) ပွဲကစားပြီးချိန်မှာ (၃) ပွဲအနိုင်ရရှိထားပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က