ဘာစီလိုနာကတော့ လာလီဂါအဖွင့်ပွဲမှာ ဗယ်လက်ကာနိုကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ရာသီသစ်ကို ဖွင့်လှစ်သွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ကွန်ဒေးကလွဲပြီး ကျန်ကစားသမားသစ်တွေနဲ့ စာချုပ်သစ်ချုပ်ဆိုထားသူတွေကို မှတ်ပုံတင်နိုင်ခဲ့လို့ လူစုံတက်စုံကစားနိုင်မှာကြောင့် ဘာစီလိုနာကိုအထင်ကြီးသူတွေ အများကြီးရှိနေခဲ့ပမေယ့် သူတို့ရဲ့ ပထမဆုံးပွဲကတော့ ဥမကွဲသိုက်မပျက်သာဖြစ်နေခဲ့ပါတယ်။
ခရစ္စတန်ယန်ဆန်၊ ရာဖင်ဟာ၊ လီဝန်ဒေါစကီးတို့က ပွဲထွက်စာရင်းမှာပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာ ကက်ဆီလည်း ဝင်ကစားပေးခဲ့ပေမယ့် ဘာကာတို့ ဂိုးတဂိုးမှတောင်မရခဲ့ပါဘူး။ ဒီဂျောင်၊ အော်ဘာမီယန်တို့လည်း လူစားလဲလှယ်ဝင်ရောက်ခဲ့ပေမယ့် ဗယ်လက်ကာနိုဂိုးပေါက်ကို ဂိုးသွင်းဖို့ အဖြေရှာမတွေ့ခဲ့သလို ပွဲပြီးခါနီးမှာ ဘက်ကွက်စ် နှစ်ဝါတနီနဲ့ အထုတ်ခံရပြီး သရေနဲ့သာကျေနပ်သွားခဲ့ရပါတယ်။
လီဝန်ဒေါစကီးလည်း စပိန်လာလီဂါပထမဆုံးဂိုးရဖို့အတွက် နောက်တပတ်ထပ်စောင့်ရတော့မှာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ရာဖင်ဟာလည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ တပွဲလုံးမှာ ဘာစီလိုနာက ဂိုးကန်သွင်းချက် ၂၁ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု၆ ကြိမ်ရှိခဲ့ပေမယ့် တဂိုးမှမရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုလည်း ၆၈% အထိရှိခဲ့ပြီး နူးကမ့်မှာ တဖက်သတ်ဖိအားပေးနိုင်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
ဘာစီလိုနာကိုဆိုရင် ခံကန်နိုင်လေ့ရှိတဲ့ အစဉ်အလာကို ဗယ်လက်ကာနိုက ဒီပွဲမှာလည်း ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ ပွဲချိန်တွင်းကိန်းဂဏန်းအချက်အလက်တွေအရ အများကြီးကွာဟနေခဲ့ပေမယ့်လည်း အဖိုးတန်သရေတမှတ်ကိုတော့ မရရအောင်ယူနိုင်ခဲ့ကာ ဇာဗီရဲ့အသင်းကို တောက်တခတ်ခတ်နဲ့ ကျန်နေရစ်စေခဲ့ပါတယ်။