ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းရဲ့ကစားသမားတွေ လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ်အပြီး ဒဏ်ရာအနာတရ ကင်းကင်းရှင်းရှင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ကစားသမားတွေ ဒဏ်ရာမရရှိလာဖို့အတွက်လည်း အသင်းကနေ မထွက်ခွာခင်ကတည်းက သတိပေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအဖွဲ့က အသင်းရဲ့ နည်းစနစ်ပိုင်းညွှန်ကြားတဲ့ ဘုတ်ပြားပေါ်မှာ “ဂရုစိုက်ကြပါ။ ဒါတွေက ခြေစမ်းပွဲတွေပါ”လို့ ရေးသားကာ ကစားသမားတွေ လက်ရွေးစင် အသင်းနဲ့ သွားရောက် မပူးပေါင်းခင်မှာ သတိပေးခဲ့ကြပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာပွဲတွေက ခြေစမ်းပွဲတွေပဲ ဖြစ်ပြီး စိတ်ဝင်စားဖို့မကောင်းတဲ့ ပွဲစဉ်တွေပါ။
အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ အဓိက,ကစားသမားတွေ နိုင်ငံအသင်းအတွက် သွားရောက် ကစားပေးရင်း ဒဏ်ရာရလာတာမျိုး မဖြစ်ရအောင် သတိပေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက နိုင်ငံတကာရက်သတ္တပတ်မှာ ဗီနီရှပ်စ်နဲ့ ကာမာဗင်ဂါတို့ ဒဏ်ရာကိုယ်စီနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြန်ရောက်လာခဲ့ပါတယ်။
ဒီလိုမျိုးတွေဖြစ်ခဲ့တာကြောင့်လည်း လက်ရှိ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားအတွက် အရေးကြီးတဲ့ အချိန် ရောက်နေချိန်မှာ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကစားသမားတွေ ဒဏ်ရာအနာတရ ကင်းရှင်းဖို့ မျှော်လင့်နေတာပါ။ ရီးရဲလ်မက်ဒရစ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဘီလ်ဘာအိုနဲ့ လာလီဂါပွဲကျပ်တစ်ပွဲကို ကစားရမှာဖြစ်ပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်က လာလီဂါမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ပြိုင်ဘက်ဟောင်း မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ပွဲကျပ်တွေ တောက်လျှောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။