ရိုးမားနည်းပြ မော်ရင်ဟိုတယောက် ယူရိုပါကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေချိန်မှာ သူ့ကစားသမားတွေက မီဒီယာခန်းထဲကို ရောက်ရှိလာပြီး အောင်ပွဲခံခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲကို ဆုံးခန်းတိုင်အောင် မပြုလုပ်ခဲ့ရဘူးလို့ သိရှိရပါတယ်။
ဖီယင်နုကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ရိုးမားတို့ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ကွင်းအတွင်းမှာလည်း ရိုးမား ကစားသမားတွေက မော်ရင်ဟိုကို လေထဲပင့်မြှောက် အောင်ပွဲခံခဲ့ကြပါသေးတယ်။ မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ တကြိမ်တခါမှ မရှုံးနိမ့်သေးဖူးတဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန်၊ ယူနိုက်တက်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ အခု ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။ မော်ရင်ဟိုဟာ သူ့အတွက် (၅) ကြိမ်မြောက် ဥရောပချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာကိုလည်း လက်ငါးချောင်းထောင်ပြကာ အသိပေးသွားခဲ့ပါသေးတယ်။
မော်ရင်ဟိုတယောက် ကွင်းအတွင်း အောင်ပွဲခံပြီးလို့ မီဒီယာခန်းမထဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေချိန်မှာလည်း ရိုးမားကစားသမားတွေ ရုတ်တရက်ရောက်ရှိလာပြီး ရှန်ပိန်တွေနဲ့ပက်ကာ အောင်ပွဲခံခဲ့ပါတယ်။ အသင်းခေါင်းဆောင် ပယ်လီဂရီနီ ဦးဆောင်တဲ့ ရိုးမားကစားသမားတွေဟာ မီဒီယာခန်းမထဲကို ဝင်ရောက်လာခဲ့ပြီးနောက် မော်ရင်ဟိုကလည်း မီဒီယာတာဝန်ခံအပါအဝင် ကစားသမားတွေနဲ့အတူ ပွေ့ဖက်ခုန်ပေါက် အောင်ပွဲခံခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ မော်ရင်ဟိုတယောက် သတင်းထောက်တွေကို လက်ပြနှုတ်ဆက်သွားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကလည်း တဝက်တပျက်နဲ့ ပြီးဆုံးခဲ့ရပါတယ်။ မော်ရင်ဟိုအတွက် ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာက သူ့အတွက် (၂၁) ကြိမ်မြောက် အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။