အသင်းတွင်းအနေအထားအပေါ် တူဟယ်လ်က ပြောပြခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းမှာရှိတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေဟာ လက်ရှိအသင်းရဲ့ အခြေအနေအပေါ် ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးအပေါ် နောက်ဆုံးအရေးယူမှုအဖြစ် ဘာကလေဘဏ်က ချဲလ်ဆီးရဲ့ဘဏ်အကောင့်ကို ထိန်းချုပ်လိုက်ပါတယ်။



အဲ့ဒါကြောင့် ချဲလ်ဆီးအနေနဲ့ အသင်းဘတ်စ်ကားအတွက် ဓာတ်ဆီထည့်ဖို့တောင် ပိုက်ဆံမရှိတော့ပါဘူး။ အရေးယူပိတ်ဆို့မှုတွေကြားမှာ အသင်းကို ရောင်းချဖို့ ပြင်ဆင်နေပေမယ့် ဒီအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမလဲဆိုတဲ့အပေါ်မှာလည်း ဝန်ထမ်းတွေ၊ ကစားသမားတွေက စိုးရိမ်နေပါတယ်။

ကစားသမားအချို့ကလည်း အသင်းနဲ့စာချုပ်ဖျက်သိမ်းဖို့ ရှေ့နေနဲ့ ဆွေးနွေးမှုတွေရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒီအချိန်မှာပဲ တူဟယ်လ်က “ကစားသမားအချို့က မရေရာတဲ့ ခံစားချက်မျိုး၊ အချို့ကျတော့ ထိတ်လန့်ကြောက်ရွံ့နေတာမျိုးနဲ့ အချို့ကျတော့ စိုးရိမ်ပူပန်နေကြပါတယ်။ ကစားသမားတွေပဲဖြစ်နေတာ မဟုတ်ပါဘူး”

“ကျနော်တို့ အသင်းမှာ ဝန်ထမ်းတွေလည်း အများကြီးပါ။ သူတို့ကလည်း စိုးရိမ်ပူပန်နေကြတယ်၊ ကြောက်လန့်နေကြတယ်၊ နောက်ပြီး မသေချာမရေရာတဲ့ ခံစားချက်မျိုးတွေရှိနေကြပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ယုံကြည်မှုအပြည့်နဲ့ အတူတကွ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါက အရမ်းပဲ အရေးကြီးပါတယ်”

“ကျနော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပါ။ နောက်ပြီး ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ထားရပါမယ်။ ဒီအခြေအနေကို ကျနော်တို့က ဖြစ်စေခဲ့တာ မဟုတ်ပါဘူး။ နောက်ပြီး ကျနော်တို့က ဒီလိုအခြေအနေမျိုးကို ဖြေရှင်းနိုင်စွမ်းမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အေဘရာမိုဗစ်ချ်ကို ဆန်ရှင်ချပြီးနောက်ပိုင်း ပထမဆုံး ကစားခဲ့တဲ့ပွဲမှာ နော့ဝစ်ချ်ကို အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မနက်ဖြန်ည နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲမှာတော့ ချဲလ်ဆီးတို့ ဂျာစီရင်ဘတ်မှာ စပွန်ဆာရပ်ဆိုင်းသွားတဲ့ Three ပါဝင်တော့မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မက်ဆေ့ချ်တခုကို ထည့်သွင်း ဝတ်ဆင်သွားမယ်လို့ တူဟယ်လ်က အတည်ပြုထားပါတယ်။  

Share

က္က