မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ ကစားသမားတွေကို ဆိုရှယ်မီဒီယာ အသုံးပြုမှု လျှော့ချဖို့အတွက် သတိပေးပြောကြားလိုက်ပါတယ်။ ဂရီလစ်ရှ်ရဲ့နေအိမ် ဓားပြတိုက်ခံရပြီးတဲ့နောက်ပိုင်း လုံခြုံရေးအတွက် ဂွါဒီယိုလာက ဒီလိုမျိုး ပြောကြားခဲ့တာပါ။
အဲဗာတန်နဲ့ မန်စီးတီးတို့ ပွဲကို ဂရီလစ်ရှ်တို့ မိသားစုဝင်တွေ၊ နီးစပ်သူတွေ နေအိမ်အတွင်း ကြည့်ရှုနေချိန်မှာ အခုလိုမျိုးပဲ ဓားပြတွေက နေအိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂရီလစ်ရှ်နေအိမ်အတွင်း မိသားစုဝင် (၁၀) ယောက်လောက်အထိ ရှိတယ်လို့လည်း သိရှိရပါတယ်။
ဒီလိုမျိုး ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် ဓားပြတွေက ပေါင် (၁) သန်းတန်ဖိုးရှိ လက်ဝတ်ရတနာတွေကို လုယူသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်က ဒီဖြစ်ရပ်အတွက် ဓားစာခံ မရှိစေရေး အထူးဆောင်ရွက်ခဲ့ပြီး နေအိမ်ပတ်ဝန်းကျင်ကိုလည်း ရဟတ်ယာဉ်နဲ့ ကင်းလှည့်ခဲ့ပါတယ်။
ဒီလိုမျိုးတွေဖြစ်ပြီးတဲ့နောက် ဂွါဒီယိုလာက “ကစားသမားတွေဆီမှာလည်း လုံခြုံရေးတွေရှိပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီကိစ္စက ဖြစ်ပျက်ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာလည်း ဖြစ်ပျက်ခဲ့ပြီး ယူနိုက်တက်ကစားသမားတွေလည်း ဒါမျိုးဖြစ်ခဲ့ဖူးပါတယ်။ လန်ဒန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့ တော်တော်လေး ဂရုစိုက်ရတော့မှာပါ”
“ဆိုရှယ်မီဒီယာကို သိပ်မသုံးတာ ကောင်းပါတယ်။ သူတို့တွေက ခင်ဗျား ဘာလုပ်နေတယ်ဆိုတာကို မသိလေ ပိုကောင်းလေပါပဲ။ လူတွေက ခင်ဗျား ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်ဆိုတာကို စောင့်ကြည့်နေကြတာပါ။ ကြီးမားတဲ့ ကွာဟချက်တွေက လူတန်းစားတွေကြားမှာရှိပါတယ်။ ငွေ အများကြီးရှိတဲ့သူနဲ့ ရုန်းကန်နေရတဲ့သူတွေပေါ့။ ကမ္ဘာအနှံ့မှာ ဒါမျိုးတွေ ဖြစ်ပျက်နေပြီး ဒီလိုတွေလုပ်ခဲ့တဲ့ လူတွေကလည်း နှစ်ပေါင်းများစွာကြာအောင် ဒါမျိုး လုပ်ခဲ့ကြတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။