PSG ကိုနည်းပြရတဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ ပိုချက်တီနိုက ဖွင့်ဟလာတာပါ။

PSG နည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ အသင်းမှာ ကစားသမားတွေကိုတင်မဟုတ်ဘဲ သူတို့ရဲ့ မိသားစုဝင်တွေ၊ မီဒီယာပိုင်းဆိုင်ရာနဲ့ ကစားသမားတွေရဲ့ ပရိသတ်တွေကိုပါ စီမံခန့်ခွဲပေးနေရတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ပိုချက်တီနိုဟာ နေမာ၊ အမ်ဘာပေ၊ မက်ဆီတို့အပါအဝင် ကမ္ဘာကျော်ကစားသမားတွေ စုဝေးနေတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်နေရတာပါ။



လက်ရှိချဲလ်ဆီးကို ကိုင်တွယ်လျက်ရှိတဲ့ PSG နည်းပြဟောင်း သောမတ်စ်တူချယ်လ်ကလည်း သူ့အနေနဲ့ PSG ကို ကိုင်တွယ်ခဲ့တုန်းက အားကစားဝန်ကြီးတစ်ယောက်လိုမျိုး ကစားသမားတွေရဲ့ မိသားစုဝင်တွေကိုပါ ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ပိုချက်တီနိုကလည်း အလားတူ စကားမျိုးကို ထုတ်ဖော်ပြောကြားလာတာပါ။

ပိုချက်တီနိုက “ကျနော်တို့ လက်ထဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေရှိနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ဒါပေမယ့် သူတို့ရဲ့မိသားစုဝင်တွေ၊ မီဒီယာအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေလည်း ရှိနေပြန်ပါတယ်။ ဒါ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လူတွေက ကစားသမားတွေ အသားမကျဘူး၊ ပြဿနာရှိတယ်၊ ဒဏ်ရာရနေတယ်ပဲ ပြောနေကြတာပါ”

“ဒါဆို တခြားသူတွေရော? သူတို့မှာရော ပြဿနာမရှိနိုင်ဘူးလား။ သူတို့ဆီမှာလည်း တာဝန်ရှိပါတယ်။ ခင်ဗျားအနေနဲ့ လိုအပ်တဲ့ ဟန်ချက်ညီမျှမှုကို ရှာဖွေပြီး ကစားသမားတွေကို ထိန်းကျောင်းရပါတယ်။ ကစားသမားတွေရဲ့ ပတ်ဝန်းကျင်ကလည်း သူတို့ကိုယ်သူတို့ အမြဲတမ်း အမှန်ထင်နေတာပါ။ ဒါပေမယ့် ဘာတာဝန်ယူမှုမှမရှိပါဘူး”

“ဒီတော့ အချို့အရာတွေက ခက်ခဲလာပြီး ဟန်ချက်မညီမျှတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အထူးသဖြင့် ပိုချက်တီနိုရဲ့အသင်းမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ (၃) ယောက်က အဓိကမဏ္ဍိုင်ကစားသမားတွေဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာလည်း ဒီကစားသမားတွေကို အကြောင်းတစ်စုံတစ်ရာကြောင့် လူစားလဲလိုက်တိုင်း ပိုချက်တီနိုက အဲ့ဒီပွဲအပြီးမှာ အမြဲတမ်း အကြောင်းပြချက်တွေပေးနေခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

က္က