ကြံ့ခိုင်မှုအတွက် ကစားသမားတွေရဲ့ နေထိုင်စားသောက်မှုကိုပါ ထိန်းညှိပေးနေရပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ကစားသမားတွေရဲ့ ပြင်ပနေထိုင်စားသောက်မှုပုံစံကိုပါ စည်းစနစ်ကျစေရေးအတွက် လိုအပ်တဲ့ တားမြစ်ချက်တွေ သတ်မှတ်လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရန်းနစ်ဂ်ဟာ ကစားသမားတွေကို ဟမ်ဘာဂါ၊ အေးခဲထားတဲ့ အချိုရည်တွေနဲ့ အရက်သေစာသောက်သုံးခြင်းတို့ကိုလည်း ပိတ်ပင်လိုက်ပါတယ်။



 

ကစားသမားတွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် Diet အစီအစဥ်ကို ဆောင်ရွက်နိုင်ရေးအတွက် သွေး၊ တံတွေးနဲ့ ဆီးစစ်ခြင်းတို့ကို ခံယူခဲ့ရပါတယ်။ ဒါ့အပြင် အပတ်စဥ် အပတ်တိုင်း ကိုယ်အလေးချိန်တိုင်းတာမှုတွေ ပြုလုပ်နေပြီး လက်ရှိစားသောက်နေတဲ့ အစားအစာတွေအစား ဆဲလ်မွန်၊ ကြက်သားနဲ့ အနီရောင်အသားတွေကို အစားထိုး စားသောက်ဖို့ အသင်းက ညွှန်ကြားထားပါတယ်။

 

မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲ၊ ဘန်လေနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတို့မှာ ရလဒ်မကောင်းခဲ့တဲ့နောက် အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်က ကစားသမားတွေကို အခုထက် ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ်အနေအထား လိုအပ်တဲ့အကြောင်း ညွှန်ကြားထားပါတယ်။ သတင်းရင်းမြစ်တယောက်က “ရန်းနစ်ဂ်က Pressing Game ကစားဖို့အတွက် မြင့်မားတဲ့အဆင့်သတ်မှတ်ချက် ထားပါတယ်”

 

“ဒါပေမယ့် ကစားသမားတွေက လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိပါဘူး။ အချက်အလက်တွေအားလုံးကို သူကပဲ ခွဲခြမ်းစိတ်ဖြာပြီး ကစားသမားတွေအနေနဲ့ ဘာကိုပိုစားဖို့ လိုအပ်မလဲ၊ ဘယ်အရာတွေကို ဖြတ်ပစ်ရမလဲ သူပဲလုပ်ပေးတာပါ။ အခုတော့ ဆန်းဒွစ်ချ်တွေ၊ ဟမ်ဘာဂါတွေကို အားလပ်ရက်မှာ ပေးမစားတော့ပါဘူး”

 

“နောက်ပြီး အရက်သောက်တာကိုလည်း တားမြစ်လိုက်ပြီး အားလုံးကို Gym မှာ အပိုလေ့ကျင့်ခန်းလုပ်ဖို့ သတိပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အင်္ဂလန်လူမျိုး နောက်ခံလူ အသင်းခေါင်းဆောင် မက်ဂွိုင်းရားကိုလည်း High Defensive Line မှာ အသားတကျ ကစားနိုင်ရေး လေ့ကျင့်ခိုင်းထားတယ်လို့ သိရပါတယ်။

 

အတွင်းလူတယောက်က “မက်ဂွိုင်းရားအနေနဲ့ ရန်းနစ်ဂ်ရဲ့ ကစားကွက်မှာ ပါဝင်ချင်တယ်ဆိုရင် ပိုပြီးသင်ယူနိုင်ရမယ်၊ ပိုပြီး လျင်မြန်လာရပါမယ်။ ရော်နယ်ဒိုကလည်း အသင်းဖော်တွေအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ၊ စားသောက်ပုံတွေကို အကြံပေးကြီးကြပ်နေပါတယ်။ ကစားသမားတွေကလည်း ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က