မန်စီးတီးတို့ ဘရိုက်တန်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘရိုက်တန်က ဒီရာသီမှာ ကစားရခက်တဲ့အသင်းတစ်သင်းဖြစ်ပြီး မန်စီးတီးကလည်း ချဲလ်ဆီးကို ဆက်လက်ဖိအားပေးဖို့၊ လီဗာပူးနဲ့ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေချိန်မှာ အခွင့်ကောင်းယူနိုင်ဖို့ ပြင်ဆင်လာပါတယ်။



ဒီဘရိုင်းကို အနားပေးထားတာကလွဲရင် လူစုံပါဝင်ခဲ့ပြီး ဘရိုက်တန်ကလည်း သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့တာပါ။ မန်စီးတီးက သူတို့ရဲ့ပုံစံအတိုင်းပဲ ပွဲကိုလွှမ်းမိုးဖို့ ကြိုးစားခဲ့ပြီး ဘရိုက်တန်ကလည်း သွက်သွက်လက်လက်နဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဂိုးဝင်ခါနီးဘောလုံးကို ဘရိုက်တန်နောက်တန်း ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် အမှတ်မထင်ဘဲ မန်စီးတီးတို့ စောစောစီးစီးဂိုးရသွားပြီး ဂွန်ဒိုဂန်ကသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာ ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်ကို ဂျေးဆု ခုထားခဲ့သလိုဖြစ်ပေမယ့် ၅၀-၅၀ အနေအထားမှာတော့ ဒိုင်လူကြီးက မန်စီးတီးကို ဂိုးပေးခဲ့ပါတယ်။

ဘရိုက်တန်ရဲ့ မကြောက်မရွံ့ တိုက်စစ်ပြန်ဆင်ချိန်မှာ မန်စီးတီးအတွက်လည်း အခွင့်အရေးကောင်းတွေရခဲ့ပြီး ဒါတွေကြောင့်လည်း မန်စီးတီးတို့ ပထမပိုင်းမှာတင် ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘာနာဒိုဆေးလ်ဗား၊ ဂရီလစ်ရှ်တို့ဆီကနေ ဖိုဒန် ပိတ်သွင်းခဲ့ပြီး ဂျေးဆုကလည်း အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဘရိုက်တန်က အရင်နှစ်တွေက သူတို့ရဲ့ပျင်းစရာအသင်းတွေနဲ့ ယှဥ်လိုက်ရင် ဒီနှစ်မှာ ကြည့်လို့ပိုကောင်းတဲ့အသင်း၊ စိတ်လှုပ်ရှားစရာပိုကောင်းတဲ့အသင်းပါ။ အာဆင်နယ်ကို အိမ်ကွင်းမှာ မနိုင်ရုံတစ်မယ် ကစားပြခဲ့တယ်၊ အဲ့ဒီပွဲမှာလည်း ဘရိုက်တန် ပိုကောင်းခဲ့တာကို လက်ခံရပါလိမ့်မယ်။

ဒါပေမယ့် မန်စီးတီးလို အသင်းမျိုးကို သူတစ်ပြန်၊ ကိုယ်တစ်ပြန် ယှဥ်တုဖို့ ကြိုးစားချိန်မှာ Individual Skill ကွာခြားမှုက ကြီးမားခဲ့ပြီး ဒီလိုကွာခြားချက်ကြောင့်လည်း ပထမပိုင်းမှာတင် ဂိုးတွေဆက်တိုက်ပေးခဲ့ရတာပါ။ ဘရိုက်တန်ရဲ့ကစားပုံက ဒီရာသီမှာ တောက်လျှောက်ကို ချီးကျူးနေရတာပါ။

တော်တော်များများက ဒီရာသီမှာ ဘရန့်ဖို့ဒ်အကြောင်းပဲပြောနေကြပါတယ်။ ကျွန်တော့်အနေနဲ့က ဘရန့်ဖို့ဒ်ကိုလည်း သဘောကျသလို ဘရိုက်တန်ကိုလည်း သဘောကျပါတယ်။ ဘရန့်ဖို့ဒ်က ဒီရာသီမှာ Long Balls တွေကို အဓိကအားပြုကစားတယ်ဆိုရင် ဘရိုက်တန်က လျင်မြန်တဲ့အနီးကပ်အတိုပေးပုံစံနဲ့ ခံစစ်ကနေ တိုက်စစ်ကို ချိတ်ဆက်တယ်။ ဒါပေမယ့် Accuracy ပိုင်းနဲ့ Finishing ပိုင်းမှာတော့ ဘရိုက်တန်က ဘရန့်ဖို့ဒ်ထက် အားနည်းပါတယ်။ 

ဒုတိယပိုင်းမှာ သူတို့ချေပဂိုးပြန်ရဖို့ တရစပ်ကြိုးစားခဲ့ပြီး ဒီယက်စ်၊ ဝေါ်လ်ကာ၊ လာပေါ့တ်တို့လို ကစားသမားတွေရှိတဲ့ခံစစ်တန်းကို သူတို့လွယ်လွယ်နဲ့ တိုးမရခဲ့ပါဘူး။ ပင်နယ်တီကနေတော့ ချေပဂိုးတစ်ဂိုးရလိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာတော့ မာရက်ဇ်ရဲ့ သွင်းဂိုးတစ်ဂိုးကို ထပ်မံခွင့်ပြုလိုက်ရပြီး ဘရိုက်တန်တို့ အိမ်ကွင်းမှာ ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးက ဒီပွဲကို လိုသလောက်နဲ့လိုသလို ကစားသွားခဲ့တယ်ဆိုရင် ဘရိုက်တန်ရဲ့ မန်စီးတီးအပေါ် တုံ့ပြန်ပုံကိုလည်း ချီးကျူးရပါလိမ့်မယ်။ Key Pass တွေ နဲ့ Finishing ပိုင်းသာ အခုထက် ပိုကောင်းလာမယ်ဆိုရင် ကစားပုံနည်းတူ အသင်းရဲ့ရလဒ်ပိုင်းကလည်း ကျေနပ်စရာကောင်းလာပါလိမ့်မယ်။ 

Share

က္က