မန်စီးတီးတို့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်တွေ အများအပြားရအောင် ကစားနိုင်ခဲ့ပေမယ့် တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ကစားသမားကောင်းတွေကြောင့် အင်အားတောင့်တင်းပြီး ခြေစွမ်းလည်း ထက်နေတဲ့ ဝက်စ်ဟမ်းက မန်စီးတီးကို တောင့်ခံကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးပါ ရယူနိုင်ခဲ့ပါတယ်။
မန်စီးတီးတို့ တဒိုင်းဒိုင်းကန်သွင်းခဲ့ပေမယ့် ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမားက အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဘရိုင်းမပါတဲ့ မန်စီးတီးအတွက်တော့ ကစားရတာ နည်းနည်းအခက်တွေ့ခဲ့ရပြီး အခွင့်အရေးတွေကလည်း ဟန့်တားခံခဲ့ရလို့ မလူးသာမလွန့်သာဖြစ်နေခဲ့ရပါတယ်။ ဝါ့ပရောက်စ်က ဝက်စ်ဟမ်းအတွက် အဖွင့်ဂိုးကို သွင်းယူသွားခဲ့ချိန်မှာ မန်စီးတီးတို့ ပျာယာခတ်သွားခဲ့ရပါတယ်။
ဟာလန်းရဲ့ ပိတ်သွင်းယူမှုကိုလည်း ဝက်စ်ဟမ်းကစားသမားက စည်းပေါ်ကနေ ရှင်းထုတ်သွားလို့ နစ်နာခဲ့ရကာ ပထမပိုင်းမှာ မန်စီးတီးတို့ အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစစချင်းမှာပဲ မန်စီးတီးအတွက် ကစားသမားသစ် ဒိုကူက ချေပဂိုးသွင်းယူပေးခဲ့ကာ ပွဲက အကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။
မန်စီးတီးတို့ ဖိကစားနေရင်းနဲ့ ၇၆ မိနစ်မှာ ဘာနာဒိုဆေးဗားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကာ ခက်ခဲတဲ့ပွဲတပွဲကို အနိုင်ရဖို့ တာစူလာနိုင်ခဲ့ပါတယ်။ ကစားအားရော၊ ကစားကွက်ပါ သာနေတဲ့နောက် မန်စီးတီးတို့ ဂိုးရခဲ့တာပါ။ မန်စီးတီးမှာ ပွဲအဖြေကို ပြောင်းပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာကလည်း အားသာချက်ဖြစ်နေပါတယ်။
၈၇ မိနစ်မှာတော့ ဟာလန်းက မန်စီးတီးတို့ အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ၃-၁ နဲ့ မန်စီးတီးတို့ ပွဲကို အေးအေးဆေးဆေးထိန်းကစားသွားနိုင်ခဲ့ပါတယ်။