ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကတော့ လစဉ် အလှူငွေ ၁၁ သိန်းရနေပေမယ့်လည်း ဆေးဖိုးတွေနဲ့ မလောက်မင ဖြစ်နေတယ်လို့ ခင်သဇင်က ပြောပါတယ်။ အလှူရှင်တွေ ထပ်လိုအပ်နေသေးတယ်လို့ စိတ်မကောင်းစွာနဲ့ ပြောပြခဲ့ပါသေးတယ်။
Photo: Khin Thazin
ခင်သဇင်ကတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ ထာဝရအလှူရှင်တွေရဲ့ ထောက်ပံ့ငွေနဲ့တောင် မလောက်မငဖြစ်နေတဲ့အခြေအနေရောက်နေပြီလို့ ရင်ဖွင့်ပြောပြလာပါတယ်။
“တစ်နေ့က အလုပ်တစ်ခုက အပြန် မကစ် အိမ်ဝင်အတွေ့ အခြေအနေ ကြည့်ခဲ့သေးတယ်။ စိတ်ညစ်ခဲ့ရတယ်။ တစ်လကို ထာဝရ အလှူငွေ ၁၁ သိန်း လစဉ် ပုံမှန် ဝင်ငွေ ရနေအောင် မကစ်ကို စီစဉ်ပေးခဲ့တာ နောက်လဆို တစ်နှစ် တင်းတင်း ပြည့်ပြီ။ခက်တာက အဲဒီ ၁၁ သိန်းနဲ့ သူ လောက်င မနေဘူး။ အဲဒီ တစ်လကို ၁၁ သိန်း ဆိုတာ ကိုယ်တိုင် သေချာ အိမ်ငှားခ က အစဘေးနားက ကူတဲ့ သူအတွက် လစာကအစ၊ အိမ်စားရိတ်ထမင်းဖိုးကအစ သေချာ တွက်ချက်ပြီး အလှူခံပေးခဲ့တာ အခု တစ်လ တစ်လ စားစရာတောင် မကျန်အောင် ဖြစ်နေပြီ” လို့ ဆိုပါတယ်။
Photo: Khin Thazin
ခင်သဇင်ဟာ ကစ်ကစ်ရဲ့ ကျန်းမာရေးစဖြစ်ကတည်းက အနီးကပ်ပြုစု စောင့်ရှောက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆေးဖိုးဈေးနှုန်းတွေက ကြီးလာတာနဲ့အမျှ အဆင်မပြေဖြစ်ရတယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“လစဉ် ကိုယ့် အိတ်ထဲက ချေးငှားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး။ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ။ ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက် သူ ဆေးကုဖို့ စားရိတ်မကျန်တော့လို့ ငိုပြီး ဖုန်းဆက်လာတိုင်း တကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ် ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်။ စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ ကျော်နေတာကိုး။ ဆေးဖိုးတွေက ဈေးကြီး နေတာ မေးကြည့်တော့ ကိုယ်လည်း တစ်လ တစ်လ ခေါင်းမီးတောက်ရတယ်” လို့ သူက ဆိုပါတယ်။
Photo: Khin Thazin
အခုလည်း ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ ဆေးရုံတက်ရလိုက်၊ နည်းနည်းနေကောင်းသွား လို့ပြန်ဆင်းရလိုက်နဲ့ ခဏခဏ ဆိုသလိုပါပဲ။ လက်ရှိမှာလည်း ဆေးရုံထပ်တက်နေရပြန်ပြီလို့ ခင်သဇင်က ပြောပြခဲ့ပါသေးတယ်။
“ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ်။ အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့။ လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့်။ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ်။စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလား။ ဒီတစ်ခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ" လို့ သူကဆိုပါတယ်။
Photo: Khin Thazin
သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။
Share