စပါးနဲ့ အာဆင်နယ်ပွဲမှာ ဂယ်ရီနဗီးလ်က ရုပ်သံတင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပွဲရဲ့ ဒုတိယပိုင်းမှာ သူ့ရဲ့ ကသောင်းကနင်းဖြစ်နေတဲ့ အမှားတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အာဆင်နယ်တို့ စပါးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲက ပွဲချိန်ပြည့် တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့တာပါ။ အထူးသဖြင့် ဒုတိယပိုင်းမှာ စပါးတို့ ချေပဂိုးနှစ်ဂိုးရခဲ့ပြီးတဲ့နောက် ပွဲက တော်တော်လေး မြိုင်ဆိုင်ခဲ့ပြီး ရစ်ချာလီဆန်ကလည်း ပြဿနာရှာခဲ့ပါသေးတယ်။
ဆွန်ဟောင်မင်ရဲ့ ပင်နယ်တီကြောင့် အာဆင်နယ်တို့ ဂိုးပေးလိုက်ရပြီးနောက် စပေးဘော ပြန်ကန်ချိန်မှာ ရစ်ချာလီဆန်ကို ဂါဘရီရယ်က တားဆီးရင်း ပြဿနာတက်ခဲ့တာပါ။ ဒါပေမယ့် ဒီဖြစ်ရပ်ကို ဂယ်ရီနဗီးလ်က “ရစ်ချာလီဆန်က ဂါဘရီရယ်ကို ပေါင်ကြားထဲက ထုတ်သွားတာပဲ” ဆိုပြီး မှားယွင်းကြေညာခဲ့ပါတယ်။
ဒါပေမယ့် အနှေးပြကွက်ပြန်ကြည့်ပြီးတဲ့နောက် နဗီးလ်က သူ့အမှားသူ သိသွားပါတယ်။ ဒီတစ်ကြိမ်မှာလည်း “ဒိုင်လူကြီးက ရစ်ချာလီဆန်ကို သေချာပေါက် အဝါကတ်ပြရမှာပါ။ နေဦး၊ မဟုတ်သေးဘူး။ သူက ပခုံးနဲ့တိုက်ခဲ့တာ” ဆိုပြီး တစ်ယောက်တည်း ဇာတ်ရည်မလည်ဖြစ်နေခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဂယ်ရီနဗီးလ်တစ်ယောက် ဘီယာဆိုင်ရောက်သလိုဖြစ်နေကြောင်း၊ မူးလည်း မူးနေကြောင်း အစရှိသဖြင့် နောက်ပြောင်ခဲ့ကြပါတယ်။ နဗီးလ်က ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကိုလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွေမှာ ဝိုင်ဘယ်နှခွက်သောက်ထားလဲဆိုပြီး လှောင်ပြောင်ခဲ့ဖူးရာ အခုချိန်မှာတော့ နဗီးလ်တစ်ယောက် သူ့အလှည့်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။