ဆုယူဖို့သွားရင်းက ဒိုင်အဖြစ်ပါဝင်လိုက်ရတာပါတဲ့။

ဟန်တီက အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ Face Of Asia 2019 ပွဲမှာ ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဟန်တီ့အတွက် မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်ကတော့ ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။

Photo: Tin Tin Aung

ပရိသတ်တွေရဲ့ အချစ်တော်မလေး အလှမယ် ဟန်တီက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ ကျင်းပပြုလုပ်နေတဲ့ ‘’Face Of Asia 2019’’ ပြိုင်ပွဲမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကလည်း အမှတ်မထင် ကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက် ဝမ်းသာတယ်လို့ ဟန်တီ့ရဲ့ မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်က Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

 ‘’ ပွဲတက် ဆုယူဖို့ပဲဖိတ်တာ ဟိုရောက်မှ ဘာဖြစ်လို့လဲမသိဘူး သူ့ကိုဒိုင်လုပ်ပေးပါဆိုပြီး မနေ့ညကမှသိတာ Asia Model Star Award ဆုယူဖို့ အတွက် ကိုရီးယားကို သွားတာပါ။ အရင်တုန်းကတော့ ဒီပွဲမှာ ဆုမရခဲ့ဖူးပါဘူး’’ လို့ ဆိုပါတယ်။

Photo: Tin Tin Aung

အဲဒီနောက် ပြည်ပနိုင်ငံမှာ သမီးဖြစ်သူ ဟန်တီ့အပေါ် အရေးပါတဲ့ ကမ်းလှမ်းမှုကြောင့် မေမေ တစ်ယောက် ပီတိတွေ ဝေဖြာနေပါတယ်တဲ့။ ဒါကြောင့် မြန်မာပြည်မှာလည်း သမီးဖြစ်သူလေးကို အနုပညာလောကမှာ နေရာလေးတစ်ခု ရစေချင်တယ်လို့ ဆိုပါတယ်။

‘’အသက်(၁၅)နှစ်အရွယ်မှာ ဆရာဂျွန်လွင်သင်တန်းကနေ မော်ဒယ်လောကထဲကိုစရောက်လာပြီး Face Of Myanmar 2012ဆုကိုရရှိပြီး ကိုရီးယားကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Face Of Asia 2019 ပွဲကြီးကို အခုဆိုရင် ဒိုင်လူကြီးတယောက်အနေနဲ့ နေရာပေးခြင်းခံရတော့ မေမေကပီတိတွေဖြာနေတာပေါ့လေ။

ရိုးသားပြီးကြိုးစားချင်စိတ်ရှိတဲ့ သမီးလေးကို မြန်မာပြည်မှာလည်း နေရာလေးတနေရာရောက်အောင် ပြုစုပျိုးထောင်ပေးမယ့် နေရာလေးတစ်ခုပေါ်ပေါက်လာပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Tin Tin Aung

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို MissSupranational Internet ဆုကိုလည်း ရရှိထားပါတယ်။ တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

Photo: Tin Tin Aung

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

Share

က္က