ရထားက ကွန်ကရစ်တုံးကို ဝင်တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့ရှိ အဓိက ရထားဘူတာရုံမှာ ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အခြား ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Amr Abdallah Dalsh/Reuters)

ကိုင်ရိုမြို့လယ်ရှိ Ramses ဘူတာရုံမှာ ရထားတစ်စင်းက ကွန်ကရစ်တုံးကို ဝင်တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အီဂျစ်ရထားပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကွန်ကရစ်တုံးကို ဝင်တိုက်ခဲ့မိပြီးနောက် ရထားရဲ့ လောင်စာဆီသိုလှောင်ကန် ပေါက်ကွဲမီးလောင်ခဲ့ရာမှ ရထားစင်္ကြန်နဲ့ အနီအနားရှိ အဆောက်အအုံတွေကိုပါ မီးကူးစက်သွားခဲ့ပါတယ်။



(Photo: @khalid_pk/Twitter)

မီးလောင်မှုဖြစ်ပွားရာ ဘူတာရုံသို့ အရေးပေါ် လူနာတင်ကား အများအပြားနဲ့ မီးသတ်ကားများ အလျင်အမြန် ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်က ရထားစင်္ကြန်နေရာမှာ ရပ်နေခဲ့တာ၊ အဲဒီ ရထားက အကာအရံ ကွန်ကရစ်တုံးကို အရှိန်နဲ့ဝင်တိုက်လိုက်တာ ကျွန်တော် တွေ့လိုက်ရတယ်" လို့ မျက်မြင်တွေ့ရှိသူ Mina Ghaly က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: CGTN)

"လူတွေ အကုန်ထွက်ပြေးကြတာပဲ၊ ဒါပေမဲ့ ရထား ပေါက်ကွဲမီးလောင်ပြီးတော့ လူတွေအများကြီး သေသွားတယ်" လို့ ၎င်းက ဆက်လက် ပြောပါတယ်။ အီဂျစ်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးစနစ်ဟာ ဘေးကင်းလုံခြုံမှု အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ အစိုးရအစဉ်အဆက်က ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီမြှုပ်နှံမှု မပြုလုပ်ခြင်းနဲ့ စီမံခန့်ခွဲမှုညံ့ခြင်းတို့ကြောင့် ဘေးကင်းလုံခြုံမှု အားနည်းချက်တွေရှိနေကြောင်း ပြည်သူအများအပြားက အပြစ်တင်ဝေဖန်ထားကြပါတယ်။

(Photo: @ATEEKSTER/Twitter)

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းကလည်း အီဂျစ်နိုင်ငံရဲ့ မြေထဲပင်လယ်ဆိပ်ကမ်းမြို့ Alexandria မှာ ခရီးသည်တင် ရထားနှစ်စင်း တိုက်မိခဲ့မှုကြောင့် လူ ၄၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အီဂျစ်မှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုအများဆုံး ရထားမတော်တဆမှုမှာ ၂၀၀၂ ခုနှစ်က ကိုင်ရိုင်မြို့အနီး ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဖြစ်ပါတယ်။ ထိုစဉ်က လူများ အဆမတန် တင်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၃၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က