လွင်မိုးဟာ ကင်းကောင်၊ ကုသိုလ်၊ ဖိုးဖြူ၊ ငှက်ပျောကြော်တို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတင်ပြီး သတိရကြောင်း ပြောထားတာပါ။
Photo : လွင်မိုး FB
ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးဟာ ညီအစ်ကို အရင်းပမာ ခင်မင်ခဲ့ရတဲ့ ဟာသသရုပ်ဆောင် ကုသိုလ်နဲ့ ကင်းကောင်တို့ကို သတိရလို့နေပါတယ်။ ကင်းကောင်၊ ကုသိုလ်၊ဖိုးဖြူ၊ ငှက်ပျောကြော်တို့ အတွဲတွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီး ယခုလို ပြောထားတာပါ။
“၁၉၉၆...ပုသိမ်..ခခကြီးထင်းဆိုင်ရှေ့..ချောင်းသာ.."ပင်လယ်ကြီးကိုကျေးဇူးတင်"..ဇတ်ကား....ကျွန်တော်ရိုက်ပေးခဲ့တဲ့ဓာတ်ပုံ..ကုသိုလ်..ကင်းကောင်...သူငယ်ချင်းတို့...သတိရပါတယ်..” ဆိုပြီး လွင်မိုးက ဖေဖော်ဝါရီ(၂) ရက်နေ့ကပြောထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာ ပါတဲ့ ဟာသရုပ်ဆောင် လေးဦးမှာ နှစ်ဦးကတော့ သူတို့ချစ်တဲ့ လောကကြီးကို စွန့်ခွာသွားခဲ့ပါပြီ။ ဟာသရုပ်ဆောင် ကုသိုလ်ဟာ ၂၀၁၄ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့က သူချစ်တဲ့ အနုပညာလောကကြီးနဲ့ ချစ်တဲ့မိသားစု၊အပေါင်းအသင်းတွေကို နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် ကင်းကောင်ကတော့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၂၂) ရက်နေ့က ပုပ္ပါးမှာကွယ်လွန်သွားခဲ့တာပါ။ သူတို့နှစ်ဦးစလုံးဟာ သရဲလေးကောင်အဖွဲ့ဝင်တွေဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။
Photo : လွင်မိုး FB
လွင်မိုးနဲ့ သူတို့ဟာ မင်းသားနဲ့ ဇာတ်ပို့ဇာတ်ရံဆိုတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘဲ ညီအစ်ကိုအရင်းသဖွယ် သံယောဇဉ်ရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။ ကင်းကောင်ကွယ်လွန်သွားတဲ့ အချိန်မှာလည်း လွင်မိုးဟာကြေကွဲဝမ်းနည်းမဆုံး ဖြစ်ခဲ့ရပါတယ်။ ကင်းကောင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း လွင်မိုးက Duwun Media သို့ ပြောပြခဲ့ဖူးပါတယ်။
Photo : လွင်မိုး FB
“’ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းက သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်အတူတူဆိုနေကြသီချင်း။ ကာရာအိုကေမှာဖြစ်စေ၊ ည ဂစ်တာတီးရင် ဖြစ်စေ၊ အဲ့ဒီ သီချင်းက ကိုကင်းနဲ့ ကျွန်တော်နဲ့ တစ်ယောက်တစ်ဝက် ဆိုတဲ့ သီချင်း ကိုကင်းတစ်ယောက်တည်း စင်ပေါ်တက်သွားရင် သူအမြဲတမ်းဆိုနေကြသီချင်းက သူ့အမျိုးသမီးက မအေး ဖြစ်တဲ့အတွက် မအေးရယ် ချစ်လို့ပါကွယ် ဆိုတာ သူအမြဲဆိုနေကြသီချင်း။ ဒါလေးတွေက ဘဝရဲ့ အမှတ်တရလေးတွေပေါ့’’ လို့ ဝမ်းနည်းကြေကွဲစွာနဲ့ ဖွင့်ဟပြောခဲ့ဖူးပါတယ်။ လွင်မိုးက လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးတွေကို ဦးဆောင်နေရသူ တစ်ဦးဖြစ်ပါတယ်။