ကုသိုလ်တော်ဘုရားပေါ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ ဖိနပ်စီးပြီး ဝင်ရောက်ခဲ့တဲ့ဓာတ်ပုံ လူမူကွန်ရက်မှာတင်ခဲ့တဲ့ ဧည့်လမ်းညွှန်ကို အရေးယူမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက ဂေါပကအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
Photo- Soe Kar Ar
“ ဒီလို အရေးယူမယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ပို့စ်တင်တဲ့ ဧည့်လမ်းညွှန်နဲ့လည်း စကားပြောခဲ့ပြီးပြီ။ သူပြောတာတွေကလည်း မှန်သင့်သလောက်မှန်ပါတယ်။ ဂေါပကတွေနဲ့ ဧည့်လမ်းညွှန်ကြားမှာ ဒီလိုမျိုးဖြစ်တာမျိုးမကောင်းဘူးပေါ့။ ” လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဌ ဦးအောင်ထွန်းလင်းက Duwun ကိုပြောပါတယ်။
ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ သာသနိကအဆောက်အအုံတွေမှာ ပြည်တွင်း/ပြည်ပဘုရားဖူး ဧည်သည့်အားလုံး တပြေးညီစည်းကမ်းလိုက်နာအောင် ဂေါပကအဖွဲ့တွေကို တရားဝင် ညွှန်ကြားချက်ပြုလုပ်ပေးဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြသွားမယ်လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းကနေ သိရပါတယ်။
ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ကတော့ ဖြစ်စဉ်အမှန်သိပါလျက်အများပြည်သူကို အထင်အမြင်လွဲမှားစေဖို့ လှုံ့ဆော်တာလို့ ယူဆပြီး ကုသိုလ်တော်ဘုရားရဲ့ ဂုဏ်သိက္ခာကျဆင်းဖို့ ရည်ရွယ်သလို တရုတ်မြန်မာချစ်ကြည်ရေးကို ပျက်ပြားစေနိုင်တာကြောင့် ပို့စ်တင်သူကို အရေးယူဖို့ ဆောင်ရွက်ရတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
Photo- Soe Kar Ar
ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ (၄) နာရီအချိန်လောက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကုသိုလ်တော်ဘုရားကို ဝင်ရောက်ရာ ဘုရားပေါ်မှာ ဖိနပ်စီးဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံကို Soe Kar Ar အကောင့်ပိုင်ရှင်က တင်ခဲ့တာဖြစ်ပါတယ်။
ဖိနပ်စီးဝင်လာသူမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုယ်ရေး (သို့မဟုတ်) လုံခြုံရေးအရာရှိ တစ်ယောက်ဖြစ်ပြီး လူကြီးက ရှေ့ကို ရောက်နေပြီး သူကနောက်မှာ ကျန်ခဲ့တာကြောင့် သတိလက်လွတ်ပြေးဝင်မိကာ ဖြစ်ရပ်ကလည်း စက္ကန့်ပိုင်းမျှသာ ကြာခဲ့တယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖိနပ်စီးသွားတာကို တွေ့မြင်တဲ့ ဂေါပကလုံခြုံရေးနဲ့ ဖိနပ်စင်တာဝန်ယူထားတဲ့ ဝန်ထမ်းအမျိုးသမီးတို့က တားဆီးခဲ့တာကြောင့် အဆိုပါ ပုဂ္ဂိုလ်ကနေ ချက်ခြင်းပြန်လှည့်လာပြီး ဖိနပ်ချွတ်ခဲ့ကြောင်း၊ CCTV မှတ်တမ်းအရ ကြာမြင့်ချိန်ဟာ စက္ကန့်ပိုင်းပဲရှိတယ်လို့ ဂေါပကအဖွဲ့က ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ ကုသိုလ်တော်ဘုရားရောက်ချိန်မှာ ဓာတ်ပုံရိုက်ကူးခြင်းမပြုဖို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ မေတ္တာရပ်ခံထားပေမယ့် Soe Kar Ar ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖိနပ်စီးဝင်လာတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာလို့ ဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧည့်လမ်းညွှန်ဖြစ်သူ Soe Kar Ar အကောင့်ပိုင်ရှင် တင်ထားခဲ့တဲ့ ဓာတ်ပုံ (၃) ပုံအနက် တစ်ပုံတွင် ကုသိုလ်တော်ဘုရားဝင်ပေါက်ကို ဝင်လာရာ အရှေ့ဆုံးလူက ခြေအိပ်အမဲ ဝတ်ဆင်ထားတာကိုတွေ့ခဲ့ရပြီး အနောက်က လူနှစ်ဦးမှာတော့ ဖိနပ်စီးထားတာကို တွေ့မြင်ခဲ့ရပါတယ်။
Share