အမေရိကမှာ နေထိုင်တာ ၁၀ နှစ်ပြည့်ပါပြီတဲ့။

ဥက္ကာမင်းမောင်ဟာ အမေရိက မှာ နေထိုင်ခဲ့တဲ့ ၁၀ နှစ်တာ ကာလ ဘဝဖြတ်သန်းမှုတွေကို စုစည်းရေးသားပြီး စာအုပ်ထုတ်မယ်လို့ ဆိုပါတယ်။ သူဟာ ပြည်ပနိုင်ငံမှာနေထိုင်ရင်း ဘဝရဲ့ ကောင်းခြင်း၊ ဆိုးခြင်းများစွာတို့ကို ရင်ဆိုင်ခဲ့ရဖူးပါတယ်တဲ့။

Photo: Oakkar Min Maung

ပရိသတ်အချစ်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဥက္ကာမင်းမောင်က အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူဖြစ်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ကတော့ အဆိုပါနိုင်ငံကို ရောက်တာ ၁၀ နှစ်ပြည့်ပြီလို့ သူကပြောပါတယ်။

‘’Today is the 10 year mark in the US. အမေရိကန်ပြည်ထောင်စုကိုရောက်လာတာ ဒီနေ့ဆို ၁၀နှစ်ပြည့်ခဲ့ပြီ။ ကျွန်တော့်ဘဝရဲ့ ၃ ပုံ တစ်ပုံနီးပါးလို့တောင်ပြောလို့ရမယ်။ ကောင်းခြင်းဆိုးခြင်းပေါင်းများစွာ ဘဝရဲ့ အခက်အခဲတွေ ပျော်စရာအမှတ်တရတွေ နိုင်ငံပေါင်းစုံက မိတ်ဆွေအပေါင်းအသင်းတွေ ဘဝအတွေ့အကြုံ အနိမ့်အမြင့်အတက်အကျတွေများစွာကြုံခဲ့ရပြီးပြီ။ ငယ်ငယ်တုန်းက ကြီးလာရင် ဒီနိုင်ငံဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ်ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီကိုလာဖို့ ပညာတွေသင်ဖို့ အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ မေကြီးနဲ့ ဖေကြီးတို့ရဲ့ကျေးဇူးတွေကြောင့်သာ ဘဝဟာ အရာရာ တဆစ်ချိုးပြောင်းလဲသွားခဲ့တာ’’ လို့ ဆိုပါတယ်။

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်ဟာ အမေရိကမှာ မိဘတွေနဲ့ အတူတူနေထိုင်ခဲ့တာ မဟုတ်ပါဘူး။ ပညာရေးနဲ့ အလုပ်ကို မျှမျှတတ ဆောင်ရွက်ရင်း တစ်ယောက်တည်း ရုန်းကန်လာခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း ဆင်းရဲချမ်းသာဘဝကို သူပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဟာ လိင်တူ အိမ်ထောင်ရေးကိုလည်း တည်ထောင်ခဲ့ဖူးသူဖြစ်တယ်လို့ဝန်ခံပြောပြလာပါတယ်။

 ‘’လိင်တူခြင်းစုံမက်တာဟာလဲ ရှက်စရာမဟုတ်တာ အမှားတခုကျူးလွန်တာ မဟုတ်ဘူးဆိုတာ ပိုနားလည်လာတယ်။ ဒီနိုင်ငံမှာ LGBT တစ်ယောက်ဖြစ်ခြင်းဟာ သာမာန်ပါပဲ။ သူတို့အတွက် ရပ်တည်ပေးသော တရားဥပဒေတွေလည်းရှိတဲ့အတွက် ပိုပြီး အမြင်ကျယ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်မှူပိုရှိလာတယ်။ မြန်မာပြည်မှာနေတုန်းကတော့ အရမ်းကြီးဖုန်းကွယ်မထားခဲ့ပေမယ့် အသိခံရမှာတော့ စိုးရိမ်ခဲ့တယ်လေ။ ဒီမှာနေတဲ့ ၁၀ နှစ်အတွင်း ရည်းစားတွေလဲ အများကြီးရှိခဲ့ဖူးတယ်။ အိမ်ထောင်ကျတယ်၊ သူဆံုံးသွားတယ်။ မုဆိုးဖိုဖြစ်ဖို့ကံဇာတာပါလာတယ်။ အတိတ်ကို ပြန်လှည့်ကြည့်လိုက်ရင် ကျွန်တော့်ဘဝမှာ တကယ်ဖြစ်ခဲ့တာတွေဟာ ရုပ်ရှင်တစ်ကားထက်ပိုပြီးရှူပ်ထွေးလေးနက်တယ်’’ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Oakkar Min Maung

သူ့ဘဝရဲ့ဖြစ်တည်မှုအကြောင်းအရာတွေကို အနုပညာအစ်မလိုခင်ရတဲ့ ခွန်းဆင့်နေခြည်နဲ့ ဇာတ်ကားရိုက်ကူးဖို့တောင် ပြင်ဆင်ခဲ့ဖူးပါတယ်တဲ့။ အချိန်ကာလ တော်တော်များများကလည်း သူ့ကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

‘’နိမ့်တခါမြင့်တလှည့် ဘဝဟာ ဖြစ်ချင်တာတွေ အကုန် မဖြစ်သေးပေမယ့် ကြိုးစားခွင့်ရခဲ့သလောက် အရာထင်ခဲ့သော ကျွန်တော့်ဘဝမှတ်တိုင်လေးတွေကိုလဲ ပြန်တွေးရင်လဲ ကျေနပ်ပါတယ်။ ဒီနိုင်ငံမှာနေရတဲ့ ရိုးရှင်းတဲ့ဘဝကော မြန်မာပြည်ပြန်လာတိုင်း ကိုယ်ဖြစ်ချင်တဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်လေးတွေ ရံဖန်ရံခါလုပ်ခွင့်ရတဲ့ဘဝကော ဘဝ နှစ်ခုကို တပြိုင်ထဲ နေခွင့်ရတဲ့ ဘဝမှာနေရတာလဲ ကျွန်တော် ကျေနပ်ပါတယ်။ ဒီမှာနေရတာ သူများတွေထင်သလို အရာရာ ပြီးပြည့်စုံနေတယ်ဆိုတာ မဟုတ်ပေမယ့် တချို့ ကျွန်တော်ချမပြထားသော ပရိတ်သတ်မသိသေးသော အရာတွေလဲ အများကြီးရှိသေးတယ်..ကျွန်တော်က လျှို့ဝှက်တတ်တယ်လေ။ တစ်ချိန်ကျရင် တော့ ကျွန်တော့်ဘဝဖြတ်သန်းခဲ့တဲ့ အကောင်းအဆိုးနဲ့ အရာရာအားလုံးကို စာအုပ်အဖြစ်အသက်သွင်းပါဦးမယ်။ Cheers to 10 years of living in the United States’’ ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က