ချက်သမ္မတနိုင်ငံမှ ဆရာဝန်တွေက ပြင်းထန်တဲ့ လေဖြတ်ဝေဒနာကြောင့် ဦးနှောက်သေပြီး သတိလစ်မေ့မြောနေသူ အမျိုးသမီးထံမှ သန္ဓေသားလောင်းကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။
(Photo: Economic Times)
အဆိုပါ အမျိုးသမီးဟာ ယခုနှစ် ဧပြီလအတွင်းက လေဖြတ်ပြီး သတိလစ်မေ့မြောကာ ဆေးရုံသို့ အရေးပေါ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အခြေအနေဟာ အသက်ရှင်ရန် အခွင့်အလမ်း အလွန်နည်းပါးနေခဲ့ပါတယ်။ သို့သော် သူမရဲ့ ကိုယ်ဝန်လွယ်ထားမှု ၁၅ ပတ် (လေးလနီးပါး) ရှိ သန္ဓေသားလောင်းကတော့ အခြေအနေ အနည်းငယ်ကောင်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ မဖြစ်နိုင်လောက်တဲ့ အခြေအနေအားလုံးကို ကျော်ဖြတ်ကာ ကျန်းမာသန်စွမ်းတဲ့ သမီးလေးကို ဦးနှောက်သေနေတဲ့ ထိုအမျိုးသမီးထံမှ ဆရာဝန်တွေက အောင်မြင်စွာ ဗိုက်ခွဲမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ကိုယ်အလေးချိန် ၄.၇ ပေါင်ရှိပြီး အရပ်အမြင့် ၁၆.၅ လက်မရှိတယ်လို့ ဆိုပါတယ်။
ယခုဖြစ်ရပ်ဟာ ဆေးပညာလောကမှာ မှတ်တမ်းသစ်တစ်ခု ဖြစ်တယ်လို့လည်း Brno's တက္ကသိုလ်ဆေးရုံက တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်) မှာ ထုတ်ပြန်ပြောကြားပါတယ်။ အမျိုးသမီးတစ်ဦး ဦးနှောက်သေပြီးနောက် သူမရဲ့ သားအိမ်အတွင်းရှိ သန္ဓေသားကို ၁၁၇ ရက်ကြာ ခက်ခဲရှုပ်ထွေးမှုရှိတဲ့ လုပ်ငန်းစဉ်ဖြင့် ဆက်လက် ကိုယ်ဝန်ဆောင်ထားစေနိုင်မှုဟာ အချိန်အကြာရှည်ဆုံး စံချိန်မှတ်တမ်းတစ်ခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ဆေးရုံက ပြောထားပါတယ်။
အမည်မဖော်ပြထားတဲ့ ကလေးမိခင်ဟာ ဧပြီလအတွင်း ပြင်းထန်တဲ့ လေဖြတ်ဝေဒနာဖြင့် ဆေးရုံကိုရောက်ရှိလာခဲ့ပြီးနောက် မကြာမီမှာပင် ဦးနှောက်သေသွားခဲ့ပြီလို့ စစ်ဆေးသိရှိခဲ့ရပါတယ်။ အမျိုးသမီးရဲ့ အခြေအနေကို စစ်ဆေးသိရှိပြီးနောက်မှာတော့ ဆရာဝန်တွေက သူမ ကိုယ်ဝန်လွယ်ထားတဲ့ သန္ဓေသား ကလေးငယ်ကို ကယ်တင်နိုင်ရန် ချက်ချင်း စတင်ကြိုးပမ်းခဲ့ကြပါတယ်။
(Photo: Getty Images)
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို လိုအပ်တဲ့ အသက်ကယ်ကိရိယာများ တပ်ဆင်ပေးခဲ့ပြီး ဆက်လက် ကိုယ်ဝန်ဆောင်ထားနိုင်စေရန် လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ဆရာဝန်တွေက သားအိမ်အတွင်း သန္ဓေသား ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေရန် အမျိုးသမီး လမ်းလျှောက်တဲ့ပုံစံအဖြစ် သူမရဲ့ခြေထောက်များကို ပုံမှန်လှုပ်ရှားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
၃၄ ပတ် (၈ လခွဲ) ကြာ ထိုသို့ ကိုယ်ဝန်ဆောင်စေခဲ့ပြီးနောက်မှာတော့ ကလေးငယ်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ အမျိုးသမီးရဲ့ခင်ပွန်းနဲ့ အခြား မိသားစုဝင်တွေကို အတူရှိနေစေခဲ့ပြီး အမျိုးသမီးထံမှ အသက်ကယ်ကိရိယာတွေကို ဖြုတ်လိုက်ကာ ကွယ်လွန်စေခဲ့ကြောင်း သိရပါတယ်။
(Photo: Gulf-Times)
"ဒီဖြစ်ရပ်က တစ်ကယ့်ကို ထူးခြားပါတယ်၊ မိသားစုတစ်ခုလုံးက သဘောထားတူညီစွာနဲ့ အတူတကွ ရပ်တည်ခဲ့ကြတယ်၊ သူတို့ရဲ့ ထောက်ခံအားပေးမှုနဲ့ စိတ်ဝင်တစားရှိမှုတွေ မပါဘဲနဲ့ ဒီလို ဘယ်တော့မှ ပြီးမြောက်မှာမဟုတ်ပါဘူး" လို့ သားဖွားမီးယပ်ဌာန အကြီးအကဲ ပါဗဲလ် ဗင်တူရာက သတင်းထောက်တွေကို ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။