ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ငြိမ်ချမ်းရေးနိုဘယ်ဆုရှင် ကိုဖီအာနန် ဆွစ်ဇာလန်နိုင်ငံမှာ ယနေ့ (သြဂုတ် ၁၈ ရက်) ကွယ်လွန်သွားကြောင်း သိရပါတယ်။

Dk4Cp9oXsAA_QWp.jpg

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Photo: CNN)



အသက် ၈၀ နှစ်အရွယ် အာနန်ဟာ ယနေ့မနက်အစောပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့အနီးကပ် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ကိုဖီအာနန်ဖောင်ဒေးရှင်းနဲ့ ၎င်းရဲ့မိသားစုကလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟာ နာမကျန်းဖြစ်ပြီး အချိန်ကာလ သိပ်မကြာမီမှာ ကွယ်လွန်ခဲ့ကြောင်း Twitter မှာ ကြေညာခဲ့ပါတယ်။

ကိုဖီအာနန်နှင့် ဒုတိယဇနီး Nane (Photo: AFP)



အာနန်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ၎င်းရဲ့ဇနီးနဲ့ သားသမီးတွေက အနားမှာရှိနေခဲ့ကြာင်းလည်း အဆိုပါ ကြေညာချက်မှာ ပြောထားပါတယ်။ အာနန်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပထမဆုံး အာဖရိက လူမည်းအမျိုးသားလည်း ဖြစ်ခဲ့ပါတယ်။

အာနန်က ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပြီး ၎င်းရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားထုတ်မှုတွေကြောင့် ၂၀၀၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

မင်ဒဲလားနှင့် ကိုဖီအာနန် (Photo: Reuters)



ထို့နောက်ပိုင်းမှာ အာနန်က ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် တာဝန်ယူခဲ့ပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် အားထုတ်မှုများကို ဦးဆောင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အတွင်းမှာတော့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား စတင်တည်ထောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း The Elders ကိုလည်း ဦးဆောင်ခဲ့ကြောင် သိရပါတယ်။

၎င်းဟာ မကွယ်လွန်မီ လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်မှာလည်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ဂါနာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အာနန်ဟာ အိမ်ထောင်နှစ်ဆက်ပြုခဲ့ပြီး ဒုတိယဇနီးမှ ပါလာတဲ့ သမီးတစ်ဦး အပါအဝင် သားသမီးသုံးရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကိုဖီအာနန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ် (Photo: Myanmar President Office)



၁၉၆၅ ခုနှစ်မှာ အာနန်က Titi Alakija အမည်ရှိ နိုင်ဂျီးရီးယားအမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး သမီးဖြစ်သူ Ama နဲ့ သားဖြစ်သူ Kojo တို့ကို မွေးဖွားခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ၎င်းတို့နှစ်ဦး ကွာရှင်းခဲ့ကြပါတယ်။

ထို့နောက် ၁၉၈၄ ခုနှစ်မှာ အာနန်က ရှေ့နေ့တစ်ဦးဖြစ်တဲ့ ဆွီဒင်အမျိုးသမီး Nane Maris Lagergren ကို လက်ထပ်ခဲ့ပါတယ်။ Nane ထံမှာ ယခင်အိမ်ထောင်မှ Nina အမည်ရှိ သမီးတစ်ဦးရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန် (Photo: Getty Images)



အာနန် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ၎င်းမွေးဖွားခဲ့ရာ ဂါနာနိုင်ငံတစ်ဝှမ်း တနင်္လာနေ့ (သြဂုတ် ၂၀ ရက်) မှစပြီး အလံများကို တိုင်ဝက်နှိမ့်ချ လွှင့်ထူကြရန် သမ္မတ Nana Akufo-Addo က ညွန်ကြားထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အာနန် ကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခေါင်းဆောင်တွေနဲ့ ထင်ရှားသူတွေကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က