COVID-19 ရောဂါ စမ်းသပ်စစ်ဆေးဖို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအတွက် စစ်ဆေးပစ္စည်း (Test Kit) ငါးသောင်း ပို့ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ရုံးအနေနဲ့ စစ်ဆေးပစ္စည်း (Test Kit) ငါးသောင်းဝယ်ယူဖို့ စီစဉ်နေပြီး နောက်ထပ်လိုအပ်တဲ့ နည်းပညာ၊ ဆေးပစ္စည်းအထောက်အပံ့တွေကိုလည်း ပံ့ပိုးသွားဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး National Information Officer ဦးနေဝင်းက Duwun ကိုပြောပါတယ်။
“ မြန်မာနိုင်ငံမှာ စစ်ဆေးနိုင်ဖို့ လိုအပ်တယ်လေ။ စစ်ဆေးမှုများများလုပ်နိုင်မှ ဗိုင်းရပ်စ်ကို တွေ့ရင် ထိန်းချုပ်ဖို့ ပိုလွယ်မှာပေါ့။ ကမ္ဘာမှာ ကြောက်ခမန်းလိလိဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက်လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးတဲ့သဘောပါ” လို့ ဦးနေဝင်းက ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်ဦးချင်းကာကွယ်နိုင်တဲ့ပစ္စည်းတွေ၊ အထူးတီထွင်ထားတဲ့ ဆေးပစ္စည်းကိရိယာတွေ ဝယ်ယူပေးခြင်း၊ ကျန်းမာရေးအဆောက်အအုံတွေ တိုးချဲ့ပေးခြင်းစတဲ့ ရောဂါပြန့်နှံ့မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ အထောက်အပံ့တွေပေးသွားမယ်လု့ိလည်းသိရပါတယ်။
ကုလသမဂ္ဂအနေနဲ့ ယခင်က စစ်ဆေးပစ္စည်း (Test Kit) အရေအတွက် ၃၀၀၀ ပံ့ပိုးပေးထားပြီး အခုတော့ နောက်ထပ် ငါးသောင်း ထပ်တိုးပံ့ပိုးပေးဖို့စီစဉ်တာဖြစ်ပါတယ်။
COVID-19 နဲ့ပတ်သက်တဲ့ ကျန်းမာရေးကဏ္ဍအပြင် နောက်ဆက်တွဲ လိုအပ်တဲ့အကူအညီတွေကို လည်းပံ့ပိုးပေးဖို့ ရံပုံငွေတစ်ရပ် လျာထားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ COVID-19 ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးအတွက် စီမံကိန်းလုပ်ငန်းတွေမှာ အစိုးရနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှာ COVID-19 ရောဂါဖြစ်ပွားနေပြီး မတ်လ ၃၀ ရက် ညနေ ၅ နာရီအထိ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားသူ ၇ သိန်း ၃ သောင်းကျော်၊ သေဆုံးသူ ၃ သောင်း ၄ ထောင်ကျော်နဲ့ နေပြန်ကောင်းသူ ၁ သိန်းခွဲကျော်ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ရောဂါဖြစ်ပွားသူ ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
Share