Apple ကုမ္ပဏီအတွင်း လိင်ခွဲခြားစော်ကားမှုအပုပ်နံ့ ထွက်လာနေပါတယ်

လုပ်ငန်းခွင်အတွင်း လိင်စော်ကားမှုနဲ့ အနိုင်ကျင့်မှု ရှိကြောင်း တိုင်ကြားမှုတွေရှိနေတဲ့အပေါ် Apple ကုမ္ပဏီရဲ့ ကိုင်တွယ်မှုကို ဝေဖန်ခဲ့တဲ့ အကြီးတန်းမန်နေဂျာတစ်ဦး အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ Apple ကုမ္ပဏီ အကြီးတန်းအင်ဂျင်နီယာပိုင်း ပရိုဂရမ်မန်နေဂျာတစ်ဦးဖြစ်တဲ့ အက်ရှ်လေ ဂျိုဗစ်ကို ကုမ္ပဏီအတွင်းရေးတွေ ပေါက်ကြားစေမှု လုပ်ခဲ့တယ်ဆိုပြီး အလုပ်က ထုတ်ခဲ့တာ ဖြစ်တယ်လို့ 9to5Mac သတင်းက ဆိုပါတယ်။ ဂျိုဗစ်ဟာ ကုမ္ပဏီဝန်ထမ်းများအကြား လိင်ပြဿနာနဲ့ အနိုင်ကျင့်စော်ကားမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ကုမ္ပဏီရဲ့ ကိုင်တွယ်ပုံကို သူမ ခံစားမိသလို Twitter ပေါ်မှာ ဖွင့်ဟရာကနေ အလုပ်ထုတ်ခံခဲ့ရတာပါ။



Photo: breakingdailynews


"မတ်လထဲမှာ လုပ်ငန်းခွင်ဘေးကင်းရေးပြဿနာတွေ စပြီး သိလာရပြီးတဲ့နောက် ခြိမ်းခြောက်ခံရတာတွေ ၊ ထိုးနှက်တာတွေ ကြုံလာပြီးတဲ့နောက် ငါလည်း ဒါမျိုး ဖြစ်လာနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားခဲ့ပါတယ်။ ကျွန်မကလေးမလေး အရွယ်ကတည်းက ချစ်ခဲ့ရတဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို ဒီလို ဆက်ဆံတဲ့အပေါ် စိတ်ပျက်မိပါတယ်" လို့ သူမက ပြောပါတယ်။ 

သူမရဲ့ မန်နေဂျာ နဲ့ Team ထဲက လူတွေ သူမကို အနိုင်ကျင့်စော်ကားတာတွေလည်း ကြုံခဲ့တယ်လို့ ဂျိုဗစ်က ဆိုပါတယ်။ ပြီးခဲ့တဲ့လက အင်တာဗျူးတစ်ခုမှာ Apple ကုမ္ပဏီထဲက နှစ်နဲ့ချီကြာအောင် ဖြစ်နေတဲ့ လိင်ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်လို့ စိုးရိမ်မှု ရှိနေတယ်လို့လည်း သူမက ပြောခဲ့ပါတယ်။ ကုမ္ပဏီဘက် ဒီပြဿနာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းမှု မပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

သူမကို အလုပ်မထုတ်ခင်မှာ ကုမ္ပဏီဘက်က စကားပြောဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမက မှတ်တမ်းမှတ်ရာကျန်စေဖို့ email ကနေ အပြန်အလှန်စကားပြောဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချက်ကို Apple ဘက်က သဘောမတူဘဲ "ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင်ဖို့ ဝန်ထမ်းဘက်က ရွေးချယ်ခြင်း မရှိဘူး" ဆိုပြီး တုံ့ပြန်ပြီးနောက် နာရီပိုင်းအတွင်းမှာ အလုပ်က ထုတ်ပယ်ခဲ့တာလို့လည်း ဆိုပါတယ်။ 


Photo: 9to5Mac

လုပ်ငန်းခွင် အနိုင်ကျင့်စော်ကားမှုတွေအပြင် ကုမ္ပဏီရဲ့ Privacy Policy တချို့အပေါ်ကိုလည်း သူမအနေနဲ့ ကျေနပ်ခြင်း မရှိဘူးလို့ ပြောပါတယ်။ Apple ဟာ ဝန်ထမ်းတွေရဲ့ စမတ်ဖုန်းလို ထုတ်ကုန်တွေနဲ့ personal Apple ID ထဲမှာ သိမ်းထားတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ယူထားတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ Apple ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ #AppleToo ဝက်ဘ်ဆိုက်အရ ကုမ္ပဏီအတွင်းမှာ လိင်စော်ကားမှု ၊ အနိုင်ကျင့်မှု ၊ ခွဲခြားဆက်ဆံမှု စတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ရပ်ပေါင်း ၅၀၀ ခန့် စုဆောင်းရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂျိုဗစ်အပြင် Apple ကုမ္ပဏီအတွင်း ကျား-မ လစာကွာဟမှုကို စစ်တမ်းကောက်ခဲ့တဲ့ Apple အင်ဂျင်နီယာ ချား စကားလက်စ်တို့ရဲ့ တိုင်ကြားချက်ကြောင့် အမျိုးသား အလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့ NLRB က Apple ကို စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က