Facebook Inc ကနေ Meta လို့ ပြောင်းပြီးနောက် ကုမ္ပဏီဟာ ပထမဆုံးအကြိမ် တရားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
Meta Platforms Inc ဟာ ကုမ္ပဏီရဲ့ Algorithm ကြောင့် လူအများ အန္တရာယ်ရှိတာ သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ဘာမှလုပ်ပေးခဲ့ခြင်း မရှိတာကြောင့် တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ အိုဟိုင်းယိုး ရှေ့နေချုပ်ရုံးက Meta ကို တရားစွဲလိုက်တာလို့ Business Insider သတင်းက ဖော်ပြပါတယ်။ တရားစွဲချက်မှာ Meta ဟာ ကလေးငယ်တွေအပေါ် အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေအကြောင်း ရင်းနှီးမြှပ်နှံသူတွေကို အသိပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖက်ဒရယ်ငွေချေးသက်သေခံလက်မှတ်ဥပဒေ ချိုးဖောက်မှု ကျူးလွန်ခဲ့တယ်လို့ တရားစွဲချက်က ဆိုပါတယ်။
ဒီအမှုဟာ အိုဟိုင်းယိုး ပြည်သူ့ဝန်ထမ်းအငြိမ်းစားစနစ်နဲ့ Facebook ရင်းနှီးမြှပ်နှံသူတွေရဲ့ ကိုယ်စား စွဲချက်တင်ခဲ့တာပါ။ ဒီလူတွေဟာ Facebook ဝန်ထမ်းဟောင်း ဖရန့်စ် ဟော်ဂန်က သတင်းပေးလုပ်ပြီး Wall Street Journal ကို ကုမ္ပဏီတွင်း အထောက်အထားတွေ ပေါက်ကြားစေတာကြောင့် ဈေးကွက်ရှယ်ယာတန်ဖိုး ဒေါ်လာဘီလျံ ၁၀၀ ကျော် ဆုံးရှုံးခဲ့သူတွေလည်း ဖြစ်တယ်လို့ ရှေ့နေချုပ်ဒေးဗစ်ရို့စ်က ဆိုပါတယ်။
"Facebook က ကျွန်တော်တို့ ကလေးတွေ စောင့်ရှောက်ကာကွယ်ပါတယ် အွန်လိုင်း Trolls တွေ ရှင်းပေးနေပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမှန်စစ်စစ်တော့ အကျိုးအမြတ်အတွက် စိတ်မကောင်းစရာတွေ ၊ သဘောထားကွဲလွဲမှုတွေ ဖန်တီးနေပါတယ်။ ကျွန်တော်တို့ဟာ မတ်ခ်ဇူကာဘတ်ခ် လူတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ထုတ်ကုန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လောဘအတွက် တစ်ယောက်ကိုတစ်ယောက် အသုံးချခံနေရပါတယ်" လို့ ရို့စ်က ပြောပါတယ်။
ဒီတရားစွဲမှုကနေ ပင်စင်ရံပုံငွေဆုံးရှုံးမှုကို ပြန်ဖာနိုင်ပြီး ကုမ္ပဏီအနေနဲ့လည်း အများပြည်သူကို နောက်တစ်ကြိမ် ထပ်မလှည့်ဖျားတော့ဘဲ သိသာတဲ့ပြုပြင်ပေါင်းလဲမှုတွေ လုပ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ Facebook ကိုယ်စားလှယ်ကတော့ ဒီတရားစွဲမှုဟာ တစ်ဖက်သတ်စွပ်စွဲချက်သာ ဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ကြံ့ကြံ့ခံ ခုခံသွားမယ်လို့ တုံပြန်ပါတယ်။
ဖရန့်စ်ဟော်ဂန်ရဲ့ သတင်းပေးမှုကြောင့် ထောင်နဲ့ချီတဲ့ ကုမ္ပဏီတွင်း ဆွေးနွေးချက်များ ၊ မှတ်တမ်းနဲ့ သုတေသနအချက်အလက်များ မီဒီယာနဲ့ ဖက်ဒရယ်အစိုးရအဖွဲ့တွေဆီ ရောက်ရှိသွားပြီးနောက် Meta နာမည်သစ်နဲ့ ပထမဆုံးအကြိမ် တရားရေးရင်ဆိုင်ရတာ ဖြစ်ပါတယ်။