ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြောင်းသွားမှာပါ

Metaverse ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ဦးတည်သွားဖို့အတွက် Facebook ဟာ ကုမ္ပဏီနာမည်ပါ ပြောင်းလိုက်ပြီ ဖြစ်ပါတယ်။ 

ကြာသာပတေးနေ့က ကျင်းပတဲ့ Facebook Connect AR/VR ကွန်ဖရင့်မှာ Facebook ‌Inc ရဲ့ ကော်ပိုရတ်နာမည်ကို Meta အဖြစ် နာမည်ပြောင်းလိုက်ကြောင်း ကုမ္ပဏီတည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်က ကြေညာပါတယ်။ ကုမ္ပဏီနာမည်ပြောင်းလိုက်ပေမယ့် Facebook app ကတော့ နာမည်ပြောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး FB ကနေ MVRS ဆိုတဲ့ စတော့သင်္ကေတအဖြစ် ပြောင်းသွားမယ့်အကြောင်းကို CNBC သတင်းက ဖော်ပြပါတယ်။ ကုမ္ပဏီ နာမည်ပြောင်းမယ့်သတင်းတွေက ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး အခုမှ တရားဝင်ထုတ်ပြန်လိုက်တာပါ။




Photo: mariamemon

"ဒီနေ့ ကျွန်တော်တို့ကို ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခုအနေနဲ့ သိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားမယ့်လမ်းကြောင်းက လူတွေဆက်သွယ်နိုင်မယ့်နည်းပညာ တည်ဆောက်တဲ့ ကုမ္ပဏီဖြစ်လာဖို့ပါ။ Metaverse က ဆိုရှယ်မီဒီယာကွန်ရက် ကျွန်တော်တို့စတင်ခဲ့တုန်းကလိုမျိုး နောက်ထပ်နယ်စပ်တစ်ခုပါပဲ။" လို့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်က ဆိုပါတယ်။ 


ပြီးခဲ့တဲ့ဇူလိုင်လထဲမှာကတည်းက Facebook ဟာ Metaverse လို့ ခေါ်တဲ့ AR/VR ထုတ်ကုန်တွေ သုံးပြီး ပုံရိပ်ယောင် ဆက်သွယ်မှုတွေ လုပ်နိုင်မယ့် ရပ်ဝန်းတစ်ခုအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း ကြေညာခဲ့ပါတယ်။ နှစ်လလောက်အကြာမှာ လက်ရှိကုမ္ပဏီရဲ့ Hardware ထုတ်ကုန်ပိုင်းအကြီးအကဲဖြစ်သူ အန်ဒရူး ဘော့ဇ် ဘော့စ်ဝေါ့ကို လာမယ့် ၂၀၂၂ မှာ နည်းပညာအရာရှိချုပ် CTO ရာထူးနဲ့ ခန့်အပ်မယ့်အကြောင်းပါ ထုတ်ပြန်ခဲ့ပါတယ်။ 


ဒီရက်ပိုင်းမှာ လုပ်ဆောင်သွားတဲ့ တတိယသုံးလပတ်ဝင်ငွေရှင်းတမ်းမှာ ကုမ္ပဏီအနေနဲ့ VR/AR ထုတ်ကုန်ဌာန ဖြစ်တဲ့ Reality Labs ကို စတုတ္ထသုံးလပတ်ကစပြီး ကိုယ်တိုင်အစီရင်ခံနိုင်တဲ့ဌာနတစ်ခုအဖြစ် ဖွဲ့စည်းကြောင်းပါ ပြောခဲ့သလို Reality Labs အတွက် ဒေါ်လာ ၁၀ ဘီလျံကျော် ရင်းနှီးမြှပ်နှံမှုလည်း လုပ်ဆောင်ထားကြောင်းပါ ကြေညာခဲ့ပါတယ်။ 




"လာမယ့်ဆယ်စုနှစ်အတွင်းမှာ Metaverse ဟာ လူသန်း ၁ ထောင်ဆီ ရောက်ရှိပြီး ဒေါ်လာဘီလျံရာပေါင်းများစွာတန်တဲ့ ဒီဂျစ်တယ်ကုန်သွယ်မှုကို ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဖန်တီးသူတွေနဲ့ developers သန်းပေါင်းများစွာအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်ဖို့ ရှိပါတယ်။ " လို့ ကြာသာပတေးနေ့က ပေးတဲ့စာတစ်စောင်မှာ ဇူကာဘတ်ခ်က ‌ရေးထားပါတယ်။ 


ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကုမ္ပဏီဟာ Hardware ထုတ်ကုန်ပိုင်းဘက် ပိုအားစိုက်လာပြီး Portal ဗွီဒီယိုခေါ်ဆိုမှုလုပ်နိုင်တဲ့ ထုတ်ကုန်များ ၊ Ray-Ban Stories မျက်မှန်များ နဲ့ Oculus VR headset အမျိုးမျိုးကို မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပါတယ်။ လာမယ့်နှစ်တွေအတွင်း Augmented နဲ့ Virtual Reality ထုတ်ကုန်တွေဟာ ကုမ္ပဏီရဲ့ Metaverse ဖော်ဆောင်ရေးအစီအစဉ်မှာ ဗျူဟာမြောက်အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။ 

Share

Loading Next Article...
က္က