လူမှုကွန်ရက်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Meta ဟာ ဝင်ငွေကျဆင်းမှုကို ပထမဆုံးအကြိမ် ကြုံတွေ့လာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၂ ဒုတိယသုံးလပတ်အတွက် နှစ်အလိုက်ဝင်ငွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒုတိယသုံးလပတ်နဲ့ စာရင် ၁% ပဲ ကျဆင်းသွားတာ ဖြစ်ပေမယ့် အသားဝင် ဝင်ငွေအနေနဲ့တော့ ၃၆% ကျဆင်းပြီး ဒေါ်လာ ၆.၇ ဘီလျံကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဒုတိယသုံးလပတ်ဝင်ငွေ ဒေါ်လာ ၂၈.၈ ဘီလျံ ရခဲ့ပြီး လာမယ့် တတိယသုံးလပတ်မှာ ထပ်ပြီး ကျဆင်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Metaverse ထုတ်ကုန်တွေ ထုတ်လုပ်နေတဲ့ Reality Labs ဌာနဟာ Q2 သုံးလပတ်မှာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၅% ဆုံးရှုံးမှု ပိုများခဲ့ပြီး ဒေါ်လာ ၂.၈ ဘီလျံ အရှုံးပေါ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ Meta Quest VR Headset နဲ့ တခြား Metaverse ဆိုင်ရာ ထုတ်ကုန်တွေ ထုတ်နေတဲ့ Reality Labs ဟာ နှစ်အလိုက် ၄၈% ပိုတက်လာပြီး ဒေါ်လာ ၄၅၂ သန်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်အတွင်း Reality Labs ကြောင့် Meta အတွက် ဈေးကွက်ဆုံးရှုံးမှုဟာ ဒေါ်လာ ၁၀ ဘီလျံကျော် ရှိနိုင်ပါတယ်။
ကုမ္ပဏီအနေနဲ့လည်း တတိယသုံးလပတ်အတွင်းမှာ Reality Labs ဝင်ငွေ ထပ်ပြီး ကျဆင်းဖို့ မျှော်လင့်ထားပါတယ်။ The Wall Street Journal ရဲ့ အဆိုအရ သုံးလပတ်ဝင်ငွေကျဆင်းမှုဟာ Meta ကုမ္ပဏီအဖြစ် နာမည်ပြောင်းထားတဲ့ Facebook လုပ်ငန်းစုအတွက် ပထမဆုံးအကြိမ် သုံးလပတ်ဝင်ငွေကျဆင်းမှုလို့လည်း ပြောပါတယ်။ Meta ရဲ့ Social Media Apps တွေနဲ့ ကြော်ငြာလုပ်ငန်းတွေကနေ ရတဲ့ ဝင်ငွေဟာလည်း Apple ရဲ့ app တွေကို ခြေရာခံမှုအကြောင်း အသိပေးတဲ့ Privacy လုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဒေါ်လာ ၁၀ ဘီလျံခန့် နစ်နာမှုရှိခဲ့ပါတယ်။
Meta ဝင်ငွေ ကျဆင်းလာနေပေမယ့် ကုမ္ပဏီအနေနဲ့ Facebook နေ့စဉ်အသုံးပြုသူဦးရေကို ၃% မြှင့်တင်ပြီး ၁.၉၇ ဘီလျံ ရှိအောင် ဆွဲတင်နိုင်ခဲ့ပါတယ်။ Meta လက်အောက်ခံ Social Media Apps တွေ ဖြစ်တဲ့ Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp တို့ကို နေ့စဉ် အသုံးပြုနေသူဦးရေအနေနဲ့လည်း အရင်တစ်နှစ်ကထက် ၄% တိုးလာပြီး လူပေါင်း ၂.၈၈ ဘီလျံအထိ ရောက်လာခဲ့ပါတယ်။ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ကလည်း Facebook ပေါ်က ဗွီဒီယိုကြည့်ရှုမှု တက်လာတာကြောင့် မျှော်လင့်ထားတာထက် ပိုပြီး လူစိတ်ဝင်စားမှုတက်လာခဲ့တယ်လို့ ပြောပါတယ်။
Meta ဟာ TikTok စတိုင် Reels ဗွီဒီယိုတိုလေးတွေကိုလည်း Instagram မှာ ပိုပြီး ပျံ့နှံ့အောင် လုပ်ဆောင်နေပါတယ်။ Reels ဟာ Snapchat ဆီကနေ ကော်ပီကူးထားတဲ့ Stories စတိုင်ထက် ငွေဝင်မှု ပိုမြန်ဆန်တယ်လို့လည်း ဆိုပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ Reels ကို ဝင်ငွေရှာပေးမယ့် Feature တစ်ခု ဖြစ်လာအောင် ပုံဖော်တော့မှာပါ။ တစ်ဖက်မှာလည်း TikTok ကို ပုံတူ ကူးချလာတဲ့ Instagram ရဲ့ ဒီဇိုင်းကို နာမည်ကျော် Social Celes တွေက ဝေဖန်ကန့်ကွက်မှုတွေ လုပ်နေကြပါတယ်။