AnTuTu ပေါ်မှာ score ၁ သန်းကျော် ရထားတဲ့ ဖုန်းပါ

Flagship ဖုန်းဈေးကွက်ထဲ ဝင်ဖို့ တာစူနေတဲ့ Realme ရဲ့ High-End ဖုန်းဖြစ်လာမယ့် Realme GT 2 Pro ရဲ့ Render ပုံဒီဇိုင်းတွေ ထွက်လာပါတယ်။ 

Realme ဟာ မကြာသေးခင်ကပဲ ဒေါ်လာ ၈၀၀ ကျော် (မြန်မာငွေ ၁၅ သိန်းကျော်) တန် High-End ဖုန်းတွေ ထုတ်သွားမယ်ဆိုပြီး ကြေညာထားတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Realme ရဲ့ ပထမဆုံး တန်ဖိုးကြီးပရီမီယံဖုန်းဟာ Realme GT 2 Pro ဖြစ်လာမယ်လို့ ကုမ္ပဏီရဲ့ CEO စကိုင်းလ်လီက အတည်ပြုပါတယ်။ 



Photo: Gizchina


"Realme ရဲ့ ပရီမီယံအကျဆုံး Flagship GT Pro စီးရီးအောက်မှာ ပထမဆုံးဖန်တီးမှုအနေနဲ့ Realme GT 2 Pro ဟာ ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ဖောက်သည်တွေကို စွမ်းဆောင်ရည် ၊ ဒီဇိုင်းနဲ့ ကင်မရာ အဖက်ဖက်က မှန်းထားတာထက် ပိုပြီး အဆင့်အတန်းမြင့်မားတဲ့ Top-Tier အတွေ့အကြုံကို ယူဆောင်လာတော့မှာပါ။ " လို့ Realme တည်ထောင်သူနဲ့ CEO စကိုင်းလ်လီက ပြောပါတယ်။ 

လောလောဆယ်မှာတော့ ကုမ္ပဏီဘက်က ပထမဆုံး Flagship ဖုန်းဖြစ်လာမယ့် မော်ဒယ်နာမည်ပဲ ထုတ်ပြောထားပြီး တခြားအသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ တလောက AnTuTu Benchmark ပေါ်မှာ မော်ဒယ်နံပါတ် RMX3300 နဲ့ Snapdragon 8 Gen 1 SoC သုံး Realme GT 2 Pro ဟာ benchmark score ပေါင်း ၁ သန်းကျော် ရထားတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ 

Render ပုံမှာ သုံးထားတဲ့ ကင်မရာဒီဇိုင်းဟာ Google Pixel 6 ဆန်ဆန် အလျားလိုက်ဘောင်အပြည့်နီးပါး ကင်မရာ Module မျိုးဖြစ်ပြီး ဘောင်တွေက iPhone 13 series ဆန်ဆန် Flat Edge နဲ့လာမှာပါ။ ကျောဘက်ကင်မရာ ထားတဲ့ပုံစံက ထူးခြားပြီး ပြေပြစ်သားနားမှု ရှိနိုင်ပါတယ်။ ရှေ့ Screen ဒီဇိုင်းတော့ မသိရသေးပေမယ့် Punch-Hole ဒီဇိုင်း ဖြစ်ဖို့ ရှိပါတယ်။ 

Photo: notebookcheck


လက်ရှိ ကြားထားတဲ့ သတင်းအချက်အလက်တွေအရ Realme GT 2 Pro ဟာ LPDDR5 RAM နဲ့ UFS 3.1 storage အမျိုးအစားနဲ့ လာမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၅၁ လက်မ FHD+ AMOLED display ဟာ Refresh Rate အမြင့် သုံးလာနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ရှေ့ဘက် 32MP selfie နဲ့ ကျောဘက်မှာ OIS ပါ 50MP main sensor တို့နဲ့ ထွက်လာဖို့ ရှိပါတယ်။ 

Realme GT 2 Pro ဟာ လက်ရှိဖုန်းအားသွင်းမှုတွေထဲမှာ အမြင့်ဆုံး 125W fast charging သစ်နဲ့လာပြီး WiFi 6 ၊ Bluetooth 5.2 ကြိုးမဲ့ချိတ်ဆက်မှုစနစ်တွေ သုံးလာနိုင်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိမယ့်ဖုန်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က