ကစားသမားနှစ်ယောက်တည်းတင် သန်း (၇၀) လောက် ဘာစီလိုနာတို့ ပေးရဦးမှာပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် ဘတ်စ်ကွက်စ်ဟာ အသင်းဆီကနေ ယူရိုသန်း (၂၀) အကြွေးရစရာရှိနေတယ်လို့ RAC 1 က ဖော်ပြလာပါတယ်။ ဒီကစားသမားဟာ သူ့ရဲ့လစာကို ပြီးခဲ့တဲ့နှစ်မှာ ဆိုင်းငံ့ပေးခဲ့ရတဲ့အတွက် အခုနှစ်အတွင်း ပုံမှန်လစာအပြင် ယူရိုသန်း (၂၀) ထပ်ဆောင်းရရှိမှာပါ။



ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့ မနှစ်တည်းက ရင်ဆိုင်နေရပြီး အဓိက,ကစားသမား မက်ဆီကိုလည်း စာချုပ်သစ်မချုပ်နိုင်ဘဲ လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ တနည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိထားတဲ့ ကစားသမားတွေကို မှတ်ပုံတင်ဖို့အတွက်လည်း အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဘတ်စ်ကွက်စ်၊ အယ်လ်ဘာ၊ ပီကေးတို့က သူတို့ရဲ့လစာတွေကို လျှော့ယူပေးခဲ့ရပါတယ်။

ဘတ်စ်ကွက်စ်ဟာ လစာလျှော့ယူထားသည့်တိုင် အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တစိတ်တပိုင်းအရ လစာကိုဆိုင်းငံ့ခဲ့တာဖြစ်ပြီး အခုရာသီကုန်ချိန်မှာတော့ ဒီ ယူရိုသန်း (၂၀) ကို တလုံးတခဲတည်း ရရှိရမှာပါ။ ဒါ့အပြင် ဘာစီလိုနာက အခုချိန်မှာလည်း အသင်းရဲ့ခေါင်းဆောင်ကစားသမားတွေကို လစာ (၅၀) ရာခိုင်နှုန်းအထိ လျှော့ယူပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။

ဒါပေမယ့် ပီကေး၊ အယ်လ်ဘာ၊ ဘတ်စ်ကွက်စ်တို့ဟာ နောက်တကြိမ်လစာလျှော့ယူဖို့ ငြင်းဆန်ထားပြီး ကိုဗစ်ကာလကနေ အသင်းရဲ့ဘဏ္ဍာရေးကြောင့် လစာအကြိမ်ကြိမ် လျှော့ယူခဲ့ပြီးဖြစ်တယ်လို့ ယူဆထားပါတယ်။ ဘာစီလိုနာဟာ ဘတ်စ်ကွက်စ်အပြင် ပီကေးကိုလည်း ယူရိုသန်း (၅၀) ပေးချေဖို့ ကျန်ရှိနေသေးတယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

ဘာစီလိုနာဟာ လက်ရှိဇွန်လမကုန်ခင် ယူရိုသန်း (၅၀၀) နဲ့အထက် ဝင်ငွေရရှိအောင် ရှာဖွေရမှာဖြစ်ပြီး ဒီအတွက် နူးကမ့်ကွင်းထဲ မင်္ဂလာပွဲတွေ လက်ခံကျင်းပပေးခြင်း၊ ပြင်ပဘောလုံးကစားသူတွေကို ကွင်းအတွင်း အခကြေးငွေနဲ့ ကစားခွင့်ပေးခြင်းတို့ ပြုလုပ်လျက်ရှိပါတယ်။ 

Share

က္က