မက်ဆီနဲ့နေမာကို ပီအက်စ်ဂျီပရိသတ်တွေ လှောင်ပြောင်နေကြတာပါ။

မက်ဆီနဲ့နေမာတို့နှစ်ယောက်ဟာ လက်ရှိကစားနေတဲ့ ပီအက်စ်ဂျီနဲ့ ဘော်ဒိုးတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ အိမ်ရှင် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာ ရီးရဲယ်မက်ဒရစ်ကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့နောက် ပီအက်စ်ဂျီပရိသတ်တွေ တော်တော် ပေါက်ကွဲနေတာပါ။



ပီအက်စ်ဂျီအမာခံပရိသတ်တွေဟာ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီကိုလည်း ရာထူးက နှုတ်ထွက်ဖို့ ဖိအားပေးနေပြီး ဒီရာသီ ပီအက်စ်ဂျီဂျာစီမှာ ပန်းရောင်ပါဝင်နေတဲ့အပေါ်မှာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ဒီကနေ့ပွဲမတိုင်ခင် သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် အခု ကစားနေတဲ့ပွဲမှာလည်း မက်ဆီနဲ့နေမာနှစ်ယောက်လုံး ဘောလုံးထိချိန်တိုင်းမှာ အော်ဟစ်လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့နောက် ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီက နေမာကို ရောင်းထုတ်ဖို့ စဥ်းစားနေပြီး နှစ်ကျော့လုံးမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့မက်ဆီကိုလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ မက်ဆီဟာ အရင်တည်းက ခြေစွမ်းမပြနိုင်တိုင်း ပြင်သစ် မီဒီယာတွေရဲ့ ပစ်မှတ်သားကောင်အဖြစ် သတ်မှတ်ခံထားရတာပါ။

အခုတခါမှာတော့ အဆိုးရွားဆုံး အနေအထားကို ရောက်ရှိခဲ့ပြီး မက်ဆီ၊ နေမာတို့နှစ်ယောက်က ဖိအားတွေအောက် ကျရောက်နေတာဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် လိဂ်သွင်းဂိုး နှစ်ဂိုးသာ သွင်းယူထားနိုင်ပြီး နေမာကလည်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏဆိုသလို ရုန်းကန်နေရတာပါ။

ဒီလိုမျိုး မက်ဆီ ရုန်းကန်နေရတာ၊ လှောင်ပြောင်ခံနေရတာတွေကြောင့် ပရိသတ်တွေကတော့ ရာသီကုန်မှာ မက်ဆီ ကို ဘာစီလိုနာ ပြန်လာဖို့ တိုက်တွန်းနေကြပြီး မက်ဆီအနေနဲ့လည်း စာချုပ်သက်တမ်း ကျန်ရှိနေသည့်တိုင် ပီအက်စ်ဂျီကို စွန့်ခွာဖို့ စဥ်းစားနေဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က