အင်္ဂလန်ပရိသတ်တွေကတော့ မနေ့ညက ဆွစ်ဇာလန်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ သူတို့အသင်းရဲ့ လုပ်ရပ်တစ်ခုအတွက် တော်တော်လေး စိတ်ပျက်နေကြပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ အင်္ဂလန်တို့ ထောင့်ကန်ဘောရခဲ့ပြီး အဲ့ဒီအချိန်မှာ ဒီအဖြစ်အပျက်က ဖြစ်ပွားခဲ့တာပါ။
ဒီထောင့်ကန်ဘောကို ထရစ်ပီယာက ဂိုးရှေ့ တိုက်ရိုက်ကန်တင်ခြင်းမရှိဘဲ ဆာကာဆီ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် မိုင်နူး၊ ဖိုဒန်နဲ့ နောက်မှာရှိတဲ့ ဝေါ်လ်ကာတို့ဆီ အဆင့်ဆင့်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘယ်ဆွစ်ဇာလန် ကစားသမားတစ်ယောက်ကမှ အသည်းအသန် လိုက်ဖိအားပေးနေတာမျိုး မရှိပါဘူး။
ဒါပေမယ့် အင်္ဂလန်ရဲ့ ဘောလုံးက ဝေါ်လ်ကာနဲ့တင် မရပ်သွားဘဲ နောက်မှာရှိတဲ့ ဂိုးသမား ပစ်ဖို့ဒ်ဆီကိုပါ ပြန်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အင်္ဂလန်ပရိသတ်တွေက သူတို့အသင်းကို သူတို့ ပြန်လည်လှောင်ပြောင်ခဲ့ရပြီး ကြည့်နေရတဲ့ ပရိသတ်တွေအတွက်လည်း တော်တော်လေး ရယ်ရတဲ့ ဖြစ်ရပ်ပါ။
ပရိသတ်တွေက “ကိုယ့်ထောင်ကန်ဘောကို ပစ်ဖို့ဒ်ဆီ ရောက်တဲ့အထိ ပေးတယ်တဲ့ကွာ” “အင်္ဂလန်ရဲ့ ထောင့်ကန်ဘောက နှစ်မိနစ်လောက်ကြာတော့ သူတို့ ဂိုးသမား ပစ်ဖို့ဒ်ဆီ ရောက်နေပြီတဲ့။ အံ့အားသင့်စရာပဲ” လို့ အမျိုးမျိုး မှတ်ချက်ပေးပြီး လှောင်ပြောင်ခဲ့ကြပါတယ်။
အင်္ဂလန်ကတော့ ပရိသတ်တွေရဲ့ အမျိုးမျိုးမေတ္တာပို့မှုတွေ ရှိနေပမယ့် ကံကကောင်းမြဲ၊ ကောင်းနေဆဲပါ။ ဒီနှစ် ယူရိုမှာ မိနစ် (၉၀) အတွင်း တစ်ပွဲသာ နိုင်ထားပေမယ့် အသင်းက ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်သွားခဲ့ပါပြီ။