ရိုးမားနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ သူ့ကိုယ်သူ နာမည်ကျော် ဇာတ်ကောင် ဟယ်ရီပေါ်တာအဖြစ် တင်စားပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟာ ဒီနေ့ညမှာ အေစီမီလန်နဲ့ စီးရီးအေအဝေးကွင်းပွဲအဖြစ် သွားရောက်ရင်ဆိုင်ရမှာပါ။
ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက “ရိုးမားပရိသတ်တွေက ကျွန်တော် မြင်ဖူးသမျှထဲမှာ အံ့အားသင့်ဖွယ် အကောင်းဆုံးပါပဲ။ သူတို့ရဲ့ နည်းပြနာမည်က ဟိုဆေး ဟယ်ရီပေါ်တာ မော်ရင်ဟိုလေ။ သူက မျှော်လင့်ချက်တွေကို အမြဲတမ်း မြှင့်တင်ပေးနေတာ” လို့ ပြောကြားသွားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရိုးမားကို ဥရောပအောင်မြင်မှု ရယူပေးထားနိုင်တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ပထမဆုံးသော ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို မော်ရင်ဟိုက ရိုးမားနဲ့အတူ ဆွတ်ခူးခဲ့ပြီး ရိုးမားက အဆိုပါပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကလည်း ရိုးမားတို့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ဗိုလ်လုပွဲမှာတော့ ဆီဗီလာကို အရေးနိမ့်ခဲ့ပြီး ရိုးမားတို့ ဥရောပမှာ နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ချဲလ်ဆီးကို ရောက်စတုန်းက စပါယ်ရှယ်ဝမ်းအဖြစ် သူ့ကိုယ်သူ ရည်ညွှန်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခု ရိုးမားနည်းပြ ဘဝမှာတော့ မော်ရင်ဟိုက မှော်ဆရာဇာတ်ကောင် ဟယ်ရီပေါ်တာနဲ့ သူ့ကိုယ်သူ တင်စားပြောဆိုခဲ့ပြီး ရိုးမားအတွက် ဒီရာသီမှာ ဘယ်လိုအောင်မြင်မှု ရယူပေးနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။