ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ကစားသမားဟောင်းက သတိပေးလိုက်တာပါ။

ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးကို ပိုမိုအာရုံစိုက်ပြီး ကွင်းတွင်း ခြေစွမ်း ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားသင့်တယ်လို့ အသင်းရဲ့ ကစားသမားဟောင်း ပေါလ်ပါကားက သတိပေးလိုက်ပါတယ်။



ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းတည်းက ဗြိတိန်ဒေသတွင်းမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ရင်း အများရဲ့လေးစားအားကိုးမှုကို ရရှိလာခဲ့တာပါ။ ဗြိတိန်က ကလေးငယ်တွေအတွက် နေ့လယ်စာအခမဲ့ ကျွေးမွေးတဲ့ အစီအစဥ်တွေ မရပ်တန့်အောင်လည်း ဝန်ကြီးချုပ်ဘော်ရစ်ဂျွန်ဆင်ဆီ တိုက်ရိုက်စာပို့တောင်းဆိုခဲ့တာပါ။

ယူရို- ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အီတလီကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီးနောက်မှာလည်း ရပ်ရှ်ဖို့ဒ်တယောက် နာရီပိုင်းအကြာမှာပဲ အများအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ရာသီအစပွဲစဥ်တွေကို ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် ရပ်ရှ်ဖို့ဒ် လွဲချော်ခဲ့ရပြီး ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲပါ။

အဲ့ဒါကြောင့်လည်း ပေါလ်ပါကားက “ယူနိုက်တက်က ကစားကွက်ကို နေရာကျဥ်းကျဥ်းလေးနဲ့ ပုံဖော်နေတာဖြစ်ပြီး ဒီအတွက် ကစားသမားတွေ ကောင်းကောင်းမကစားနိုင်သေးပါဘူး။ အစွန်ထွက်လွန်းတဲ့ ကစားသမားတွေက အထဲကိုပြန်ဝင်၊ ပြီးမှ အပြင်ပြန်ထွက်ပုံစံမျိုးနဲ့ ကစားနေရတာပါ”

“ဆန်ချို၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ကိုကြည့်လိုက်ပါ။ တကယ်လို့သာ ရပ်ရှ်ဖို့ဒ်အနေနဲ့ အိပ်ယာက နိုးလာပြီး သူ့ကိုယ်သူ နိုင်ငံရေးသမားထက် ဘောလုံးသမားဖြစ်တယ်ဆိုတာကို သတိရလာရင်တော့ အဲ့ဒါက အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ဒီရာသီ (၁၂) ပွဲကစားပြီးချိန်မှာ (၃) ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ကွင်းပြင်ပ စွမ်းဆောင်ရည်တွေကြောင့် MBE ဘွဲ့ကိုပါ ရရှိထားပေမယ့် ကွင်းထဲမှာတော့ သူ့ရဲ့ခြေစွမ်းတွေ ပြန်လည်တိုးတက်လာအောင် အထူးဂရုစိုက်ဖို့တော့ လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က