မနေ့က ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်မှာ ယူနိုက်တက် နည်းပြ ရန်းနစ်ဂ်က ပွဲကစားချိန် မိနစ် (၇၀) ဝန်းကျင်မှာတင် ရော်နယ်ဒိုကို မက်ဂွိုင်းရားနဲ့ လူစားလဲခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ယူနိုက်တက်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားတာဖြစ်ပြီး ရန်းနစ်ဂ်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရော်နယ်ဒိုကို သေချာဖျောင်းဖျခဲ့ပါတယ်။
ရှေ့လမှာ အသက် (၃၇) နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ လက်ရှိအချိန်ထိ ပွဲတိုင်း၊ မိနစ်တိုင်းကို ပါဝင်ကစားချင်နေဆဲဖြစ်ပြီး သူ့ကို အနားပေးတဲ့အခါ၊ လူစားလဲတဲ့အခါတိုင်း အခုလို တုံ့ပြန်လေ့ရှိပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ လုပ်ရပ်အပေါ်မှာတော့ အိုင်ယာလန် လက်ရွေးစင် ကစားသမားဟောင်း အန်ဒီတောင်းဆန့်က ဝေဖန်ခဲ့ပါတယ်။
အန်ဒီတောင်းဆန့်က “ကျနော် ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို တကယ်အံ့အားသင့်မိပါတယ်။ သူအခုထက် ပိုကောင်းတဲ့ အပြုအမူမျိုးကို ပြသသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုပုံစံမျိုးက အမြဲတမ်း မဖြစ်သင့်ပါဘူး။ ဒီညမှာက အလုပ်ပြီးသလောက်ပါပဲ။ အသင်းကလည်း သုံးမှတ်သေချာနေပြီလေ”
“ရန်းနစ်ဂ် သူ့ကို ဖျောင်းဖျနေတာ ကျနော်တို့လည်း တွေ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ရော်နယ်ဒိုအနေနဲ့ ပွဲကို ဆက်ကစားချင်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကို တိုးတက်စေလိုတာကြောင့်လို့ ပြောပါတယ်။
BBC ရဲ့ ဘောလုံးစာရေးဆရာကြီး ဖီးလ်မက်နက်လ်တီကတော့ “ဒါ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ ရော်နယ်ဒိုက သူ့ကိုယ်သူ ယူနိုက်တက်ထက် ကြီးကျယ်ခမ်းနားတယ်လို့ ထင်လုနီးပါးပါပဲ။ ဒါမျိုးမြင်ရတာလည်း အခုမှ ပထမဆုံးမဟုတ်ပါဘူး။ ရန်းနစ်ဂ်ရဲ့ ဖြေရှင်းချက်က ရော်နယ်ဒိုရဲ့ အပြုအမူတွေထက် ပိုပြီး လက်ခံနိုင်စရာရှိပါတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။