မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလာခဲ့တဲ့ ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်နဲ့ ပတ်သက်လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲခံထားရတာပါ။
အဲ့ဒါကြောင့်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က မန်စီးတီးကို အမှုပေါင်း (၁၁၅) မှုနဲ့ စွဲချက်တင်ထားပါတယ်။ မန်စီးတီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဟောင်းကလည်း ပြစ်မှုတွေသာ အမှန်တကယ် ထင်ရှားခဲ့ရင် မန်စီးတီးတို့ တန်းဆင်းရနိုင်ခြေရှိကြောင်း ပြောကြားထားပါတယ်။
ဒီလိုမျိုးတွေ ဖြစ်လာချိန်မှာ ဆီဖာရင်ကလည်း တစ်ချိန်တုန်းက ယူအီးအက်ဖ်အေအနေနဲ့ မန်စီးတီးကို အရေးယူဖို့ လုပ်ခဲ့တဲ့ကိစ္စက မှန်ကန်ကြောင်း ပြောကြားလာခဲ့တာပါ။ ယူအီးအက်ဖ်အေဟာ မန်စီးတီးတို့ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ (၂) နှစ်ပွဲပယ်ဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း ဒီပြစ်ဒဏ်ကို မန်စီးတီးက အားကစားခုံရုံးထံ အယူခံဝင်ခဲ့ပြီး အယူခံအောင်မြင်ခဲ့ပါတယ်။ ဆီဖာရင်ရဲ့ပြောစကားတွေနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက “ရှေ့နေတစ်ယောက်အနေနဲ့ ဆီဖာရင်က အချိန်လေးတော့ စောင့်ဆိုင်းသင့်ပါတယ်။ ပြီးမှ သူလုပ်ချင်တာကို သူလုပ်ပေါ့ဗျာ”
“ယူအီးအက်ဖ်အေနဲ့ ပတ်သက်တဲ့ စွဲချက်က ဘယ်လိုပဲဖြစ်ဖြစ် သူ ဒါကို လေးစားမှုထားသင့်ပါတယ်။ သူ့နေရာမှာလည်း သူ လုပ်စရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မှာလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတာကို သူသိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ဒါပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။