ယူနိုက်တက်ဟာ ဒီပွဲမှာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဖြုန်းတီးလွန်းခဲ့တာကြောင့် အခုလိုမျိုး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပင်နယ်တီတွေကို ပင်တိုင်ကန်သွင်းနေကျ ရော်နယ်ဒို ကွင်းထဲမှာပဲရှိနေပေမယ့် ဘရူနိုဖာနန်ဒက်စ်က အခုလို ပင်နယ်တီကန်ခဲ့တာဖြစ်ပြီး လွဲချော်ခဲ့ရပါတယ်။
ဒါ့အပြင် ကွင်းအတွင်းကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေ၊ အထူးသဖြင့် ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီကန်ချိန် ဗီလာဂိုးသမားနောက်က ယူနိုက်တက်ပရိသတ်တွေကတော့ ကိုယ့်အသင်းက ကစားသမား ပင်နယ်တီမဝင်တဲ့အပြင် ပြိုင်ဘက် ဂိုးသမားရဲ့ ကပြလှောင်ပြောင်ခြင်းကိုပါ ခံလိုက်ရတာပါ။ ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲချော်သွားပြီးချိန်မှာ မာတီနက်ဇ်က သူ့နောက်မှာရှိတဲ့ ယူနိုက်တက်ပရိသတ်တွေဘက်ကို လှည့်ပြီး မထီမဲ့မြင်ပုံစံမျိုးနဲ့ ခါးကော့ကပြခဲ့တာဖြစ်ပါတယ်။
ပြိုင်ဘက် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ အပြုအမူနဲ့ပတ်သက်လို့လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောကြားသွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။