မော်ရင်ဟိုနဲ့ပြဿနာစခဲ့ပုံကို ပေါ့ဘာက ပြောပြခဲ့တာပါ။

ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးဖြစ်တဲ့ ပေါ့ဘာဟာ သူ့ရဲ့ မှတ်တမ်းရုပ်ရှင်မှာ ယူနိုက်တက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပြဿနာတွေကို ပြန်လည်ဖွင့်ဟခဲ့ပါတယ်။ ပေါ့ဘာ ဖွင့်ဟခဲ့တဲ့အထဲမှာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြဿနာတက်ခဲ့တဲ့ကိစ္စတွေလည်း ပါဝင်ပါတယ်။



မော်ရင်ဟိုဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝမှာ ပေါ့ဘာကို တော်တော်လေး မျက်မုန်းကျိုးခဲ့တယ်လို့တောင် ပြောနိုင်ပြီး ဗိုင်းရပ်စ်အဖြစ်ပါ ဝေဖန်သမုတ်ခဲ့တာပါ။ ပေါ့ဘာဟာ မော်ရင်ဟိုလက်ထက် (၂၀၁၆) မှာပဲ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းနှစ်ယောက်သား မျက်လုံးချင်းတောင်ဆုံလို့ မရတော့ဘဲ အခြေအနေဆိုးရွားခဲ့တာပါ။

ဒီလိုမျိုး မော်ရင်ဟိုနဲ့ ဆက်ဆံရေးပျက်စီးခဲ့ရတဲ့ အကြောင်းအရင်းကို ပေါ့ဘာက သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။ ပေါ့ဘာက “ပြဿနာက ကျနော်ဒဏ်ရာရတဲ့အချိန်မှာ စတာပဲ။ ကျနော် ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ မိုင်ယာမီကို သွားမယ်ဆိုတာ မော်ရင်ဟိုကို ပြောခဲ့ပြီးသားပဲ။ အဲ့ဒီမှာ ပါပါရာဇီတယောက်က ကျနော်နဲ့ ဇူလေ (ပေါ့ဘာဇနီး) ပုံကို ရိုက်သွားတယ်”

“မော်ရင်ဟိုက ဒီပုံကို ကျနော့်အေးဂျင့် ရွိုင်အိုလာဆီတောင် ပို့လိုက်ပါသေးတယ်။ ကျနော် ဒါမျိုးကို လုံးဝမကြိုက်ပါဘူး။ ပြီးတော့ ကျန်တဲ့ကစားသမားတွေ သောက်အသည်းအသန် အလုပ်လုပ်နေချိန်မှာ ကျနော်က အားလပ်ရက်ယူနေတောင် မော်ရင်ဟိုက ပြောလိုက်ပါသေးတယ်။ ကျနော် မော်ရင်ဟိုကို ‘ခင်ဗျားဘာဖြစ်နေတာလဲ။ ကျနော် ဒီမှာ တရက်သုံးခါလေ့ကျင့်နေတာပဲ။ ခင်ဗျား ကျနော့်ကို ဘာထင်နေတာလဲ’ လို့ ပြောခဲ့ပါတယ်”

“ကျနော့်နည်းပြနဲ့ ဒါမျိုး ပြဿနာတက်တာက ကျနော့်အတွက် အသစ်အဆန်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုအပေါ်လည်း မကျေမနပ်ဖြစ်ခဲ့ပြီး ယူနိုက်တက် မှားယွင်းတယ်ဆိုတာကို အားလုံးသိအောင် ပြသသွားမယ်လို့လည်း အဆိုပါ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောကြားခဲ့ပါသေးတယ်။ 

Share

က္က