မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ယူနိုက်တက်က အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ဂါနာချို၊ ကက်စ်မဲရိုးနဲ့ မာရှယ်လ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်ကတော့ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံနှစ်ပွဲဆက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ဒါ့အပြင် ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေ ဒီပွဲမှာ ဂိုးပေါက်တွေ့ခဲ့တာကလည်း နည်းပြ တန်ဟက်ခ်နဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ တန်ဟက်ခ်က အိုနာနာ၊ ဒါလော့၊ ဗာရန်း၊ မက်ဂွိုင်းရား၊ အမ်မရာဘတ်၊ ကက်စ်မဲရိုး၊ မေဆင်မောင့်၊ ပယ်လီစထရီ၊ ဟန်နီဘယ်လ်၊ ဂါနာချို၊ မာရှယ်လ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲမှာ ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ အမ်မရာဘတ် ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မေဆင်မောင့်ကလည်း ယူနိုက်တက်အတွက် ခြေစွမ်းပြနိုင်ခဲ့ကြပြီး ပွဲအပြီးမှာလည်း ယူနိုက်တက်တို့ အခုလိုမျိုး ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ လင်ဒီလော့ဖ်၊ ဒန်နီယဲယ်ဂိုရီ၊ အီဗန်စ်၊ ဗန်ဒီဘိခ်၊ ဟို့ဂျ်လန်းတို့ လူစားဝင်ကစားခဲ့ပါတယ်။
ဗန်ဒီဘိခ်ကတော့ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်နဲ့ ပြိုင်ပွဲကြီးတွေမှာ မကစားနိုင်ခဲ့တာ အချိန်တစ်ခုရှိခဲ့ပြီး အခုချိန်မှာတော့ ပြန်လည်ကစားပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် တန်ဟက်ခ်နဲ့ ပြဿနာတက်ထားတဲ့ ဆန်ချိုကတော့ လက်ရှိအချိန်အထိ ယူနိုက်တက်အသင်းကြီးအတွက် ပြန်လည်ကစားခွင့်မရရှိသေးပါဘူး။