အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်းတဦးဖြစ်တဲ့ မာတင်ကီအွန်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကက်စ်မဲရိုးရဲ့ ဆောက်သမ်တန်နဲ့ပွဲက အနီကတ်ပြစ်ဒဏ်က ထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ကက်စ်မဲရိုးရဲ့ အနီကတ်က မျှတမှုမရှိဘူးလို့ ယူဆထားတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာ ပြောဆိုမှုမျိုး ဖြစ်လာခဲ့ပါတယ်။
ကက်စ်မဲရိုးဟာ အဆိုပါပွဲမှာ ဘောလုံးကို အရင်ထိခဲ့ပြီးမှ ပြိုင်ဘက်ခြေထောက်ကို ထိခဲ့တာဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက ထောက်ပြခဲ့ပြီး အနီကတ်ပြသစရာအကြောင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ကွင်းလယ်ဒိုင်အန်တိုနီတေလာကတော့ VAR ပြန်လည်ကြည့်ရှုပြီးနောက် ကနဦးမှာ အဝါကတ်ပြသထားတာကို ပယ်ဖျက်ပြီး တိုက်ရိုက်အနီကတ်ပြသခဲ့ကာ ကက်စ်မဲရိုးတယောက် ၄ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။
မာတင်ကီအွန်က "အတိုင်းအတာတခုအထိတော့ ရှိပါတယ်၊ ဒီရာသီ ပရီးမီးယားလိဂ်ကိုကြည့်မယ်ဆိုရင် စုစုပေါင်း ၂၃ ကြိမ် အနီကတ်ပြထားပြီး စပိန်လာလီဂါမှာ ၁၀၁ ကြိမ်အထိ ရှိနေပါတယ်၊ ကက်စ်မဲရိုးရဲ့ ဖျက်ထုတ်မှုကိုကြည့်မယ်ဆိုရင် သူ့ခြေထောက်က ဘောလုံးကို အရင်ထိသွားတယ်ဆိုတာ ထားပါတော့၊ ဒါပေမယ့် သူ့ရဲ့ ဘားတွေက ဘောလုံးအထက်ကိုရောက်နေတာကို ပြနေတယ်"
"ပြီးတော့ ပြိုင်ဘက်ကို သွားထိခဲ့တာပါ၊ ဒီတော့ ကွင်းလယ်ဒိုင်က သူ့ကို ထုတ်ပယ်ခဲ့တာ မှန်ကန်လားလို့ မေးမယ်ဆိုရင်တော့ ကျနော်ကတော့ ရာနှုန်းပြည့်ကို သူတို့မှန်ကန်တယ်လို့ပဲ ပြောချင်ပါတယ်" လို့ talkSPORT ကတဆင့် ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးလ်ကွင်းလယ်လူဟာ ၄ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပြီး အက်ဖ်အေဖလားပွဲတပွဲနဲ့ ပရီးမီးယားလိဂ်ပွဲ ၃ပွဲအထိကို လွဲချော်တော့မှာဖြစ်ပါတယ်။