ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စ်မဲရိုးကိုခေါ်ယူဖို့အတွက် တော်တော်လေး အခြေအနေကောင်းလာခဲ့ပြီး ဆွေးနွေးမှုတွေကလည်း တိုးတက်နေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ကိစ္စရပ်ကို ဦးစားပေးအဖြစ် သတ်မှတ်လိုက်ကြောင်း စပိန်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
ကက်စ်မဲရိုးအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) နဲ့ သန်း (၆၀) ဝန်းကျင် ပမာဏမှာ အဆုံးသတ်ဖွယ်ရှိပြီး ကစားသမားရဲ့ လုပ်ခလစာကလည်း မက်လောက်စရာ အနေအထားမှာရှိနေတယ်လို့ သိရှိရပါတယ်။ ကက်စ်မဲရိုးဟာ တနှစ်လုပ်ခ ယူရိုသန်း (၂၀) ဝန်းကျင်ရရှိနိုင်ပြီး ယူနိုက်တက်ရဲ့ လုပ်ခအများဆုံး ကစားသမားတွေထဲက တယောက်ဖြစ်လာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ကစားသမားရဲ့ဆန္ဒကို ဦးစားပေးသွားမှာဖြစ်ပြီး အသက် (၃၀) အရွယ် အဆိုပါ ဘရာဇီးကွင်းလယ်လူကတော့ လာမယ့်စနေနေ့ နောက်ဆုံး ယူနိုက်တက်ကို ရောက်ရှိလာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်က ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး ကက်စ်မဲရိုးရောက်ရှိလာတာနဲ့ ဒီဂျောင်ရဲ့အပြောင်းအရွှေ့ကလည်း ထင်မှတ်ထားတာထက် ပိုမိုမြန်ဆန်သွားနိုင်တယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတခုကဆိုပါတယ်။
ယူနိုက်တက်ဟာ ဒီဂျောင်အတွက် လက်ရှိနွေရာသီအပြောင်းအရွှေ့အစောပိုင်းတည်းက သဘောတူညီမှုရရှိခဲ့တာပါ။ ဒါပေမယ့်လည်း ကစားသမားနဲ့ ဘာစီလိုနာအကြား လစာငွေကိစ္စကြောင့် အပြောင်းအရွှေ့က အခုထိ ကြန့်ကြာနေတာဖြစ်ပါတယ်။ ဒီဂျောင်ကိုခေါ်ယူဖို့အတွက် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ဒီဂျောင်ကိုခေါ်ယူဖို့ ယုံကြည်ချက်ရှိနေပြီး ကက်စ်မဲရိုးရောက်ရှိလာပြီးနောက် ထပ်မံရောက်ရှိလာမယ့် ကစားသမားက ဒီဂျောင်ဖြစ်လာနိုင်ပါတယ်။ ကက်စ်မဲရိုးကတော့ ယူနိုက်တက်အတွက် ဒီနွေရာသီမှာ လေးယောက်မြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး ဒီဂျောင်သာထပ်ရောက်လာခဲ့ရင်တော့ တွမ်မီနေး၊ ဖရက်ဒ်တို့နဲ့ သောကရောက်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် အတိုင်းထက်အလွန် ကျေနပ်စရာဖြစ်လာမှာပါ။