ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကက်စ်မဲရိုးကို ဗဟိုနောက်ခံလူနေရာမှာ သုံးနေမယ့်အစား လူငယ်ကစားသမားတစ်ယောက်ကို ထည့်သွင်းအသုံးပြုသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကက်စ်မဲရိုးဟာ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကက်စ်မဲရိုးက ဗဟိုနောက်ခံလူနေရာမှာ ပါဝင်ကစားခဲ့ပြီး သူ့အမှားကြောင့် (၃) ဂိုးလောက်အထိ ပေးလိုက်ရပါတယ်။ ကက်စ်မဲရိုးဟာ အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ပုံမှန်နေရာမဟုတ်ဘဲ ဗဟိုနောက်ခံလူနေရာကို ဆင်းကစားပေးနေရတာပါ။
ရွိုင်ကိန်းကတော့ “ယူနိုက်တက်ရဲ့ ကစားသမားတွေ အရန်အသင်းနဲ့ လူငယ်အသင်းက ကစားသမားတွေ အပါအဝင် ကက်စ်မဲရိုးရဲ့နေရာမှာ ဝင်ကစားနိုင်တဲ့သူရှိရင် ကျွန်တော် သူ့ကို ထည့်လိုက်မှာပါ။ ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ကို ကောင်းကောင်း ရင်ဆိုင် ဒုက္ခပေးနိုင်ခဲ့တာပါ”
“ကက်စ်မဲရိုးက သူ့အမှားတွေနဲ့သူ ဒုက္ခရောက်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူ့အနားမှာ ကူပေးမယ့် ကစားသမားမရှိလို့ပါ။ ဒီအတွက်လည်း သူတာဝန်ယူရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုပြောနေတာက အသင်းလိုက် ကစားနည်းအကြောင်းပါ”
“ခင်ဗျားအနေနဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ အသင်းဖော်တွေက ခင်ဗျားဘေးနားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီစိတ်ကူးစိတ်သန်းက တစ်သင်းလုံး လိုက်နာရမယ့် စိတ်ကူးစိတ်သန်းမျိုးပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာရေဂါကလည်း ကက်စ်မဲရိုးကို ဆော်ဒီလိဂ်မှာ သွားကစားသင့်ပြီလို့ ဝေဖန်ပြောကြားခဲ့ပါသေးတယ်။