မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအနီကတ်ဟာ ကက်စ်မဲရိုးအတွက် ဒီရာသီ ဒုတိယမြောက်အနီကတ်ဖြစ်တာကြောင့် ၄ ပွဲအထိ အပယ်ခံမှာဖြစ်ပြီး ယူနိုက်တက်အတွက်တော့ တော်တော်လေးကို ကြီးမားတဲ့နစ်နာမှုဖြစ်လာခဲ့ရပါတယ်။ ကက်စ်မဲရိုးရဲ့ အနီကတ်ဟာ ထိုက်တန်မှုမရှိဘူးလို့လည်း ယူနိုက်တက်ပရိသတ်တွေက ယူဆခဲ့ပြီး ကွင်းလယ်ဒိုင် အန်တိုနီတေလာကို အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။
ကက်စ်မဲရိုးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း နှစ်ဖက်အသင်းသားတွေ အချင်းများနေချိန် ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်ခဲ့တယ်ဆိုပြီး VAR ကြည့်ကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ မနေ့ညကပွဲမှာလည်း အဝါကတ်သာပြသခံရပြီးမှ VAR ပြန်ကြည့်ကာ အနီကတ်ပြသခံခဲ့ရပြီး ထူးခြားချက်ကတော့ အဆိုပါဖြစ်ရပ်နှစ်ခုလုံးမှ အဓိကတာဝန်ရှိသူအဖြစ် ပါဝင်ခဲ့တဲ့ နောက်ထပ် ဒိုင်အဖြစ်ပါဝင်ခဲ့သူက ဒိုင်လူကြီးအန်ဒရီမာရီနာဖြစ်နေခဲ့တာလို့ သိရပါတယ်။
ချယ်လ်ဆီး-လက်စတာတို့ ကစားခဲ့တဲ့ ပွဲစဉ်တုန်းက ယာအိုဖိလစ်ကို လက်စတာကစားသမားတဦးက ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ အဆိုပါပွဲကိုလည်း အန်ဒရီမာရီနာက ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့တာဖြစ်ပြီး ဒီပြစ်ဒဏ်ဘောအတွက် VAR ပြန်မကြည့်ခဲ့သလို အဝါကတ်တောင် ပြသခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြစ်ဒဏ်ကျူးလွန်မှုဟာ အတူတူပဲဖြစ်ပေမယ့် လက်စတာကစားသမားက ဘယ်လိုအရေးယူမှုမျိုးမှ မခံခဲ့ရဘူးလို့ ယူနိုက်တက်ပရိသတ်တွေက မှတ်တမ်းတွေနဲ့တကွ ပြန်လည်ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ကက်စ်မဲရိုးရဲ့ ဖြစ်ရပ်မှာတော့ မာရီနာက VAR ခန်းထဲကနေ ကွင်းလယ်ဒိုင်ကို ညွှန်ကြားမှုတွေလုပ်ခဲ့ပြီး အနီကတ်ပြသဖို့အတွက် တွန်းအားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မာရီနာက မန်ချက်စတာယူနိုက်တက်အသင်းအပေါ် မလိုအပ်ဘဲ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတာလားလို့ မေးခွန်းထုတ်မှုတွေရှိလာခဲ့ပြီး ကက်စ်မဲရိုးအပေါ်မှာ အမြဲတမ်း ပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နေတာ ဘာလို့လဲဆိုကာ ယူနိုက်တက်ပရိသတ်တွေ မေးခွန်းထုတ်နေကြပါတယ်။