ကက်စ်မဲရိုးရဲ့နှုတ်ဆက်ပွဲကို ကျင်းပခဲ့တာပါ။

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ့် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဒီကနေ့မှာပဲ အသင်းနဲ့ တရားဝင်နှုတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကက်စ်မဲရိုးအနေနဲ့ ဒီကနေ့ည ယူနိုက်တက်နဲ့လီဗာပူးပွဲမစခင် အိုးထရက်ဖို့ဒ်ကွင်းအတွင်းမှာ ယူနိုက်တက်ကစားသမားအဖြစ် တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။



ကက်စ်မဲရိုးရဲ့နှုတ်ဆက်ပွဲကို ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်၊ နည်းပြအန်ဆယ်လော့တီနဲ့ အသင်းဖော်တွေအားလုံး တက်ရောက်ခဲ့ပြီး ကက်စ်မဲရိုးကတော့ အခမ်းအနားစတင်ပြီး မကြာခင်မှာပဲ ငိုကြွေးခဲ့ပါတယ်။ နှုတ်ဆက်ပွဲမှာ ကက်စ်မဲရိုးက “ကျနော်နဲ့ကျနော့်ဇနီးတို့က ကျနော်တို့ကို ဘယ်သူမှမသိသေးတဲ့အချိန်တည်းက ဒီကိုရောက်လာခဲ့ပါတယ်။ ဒါက နိုင်ငံအသစ်ဖြစ်ခဲ့ပြီး ဘဝနဲ့မိသားစုတခုကို တည်ဆောက်ခဲ့ပါတယ်”

“ရီးရဲလ်မက်ဒရစ်ဆီက ပထမဆုံးဖုန်းခေါ်တဲ့အချိန်ကို ကျနော်မှတ်မိပါသေးတယ်။ အရမ်းကို စိတ်လှုပ်ရှားခဲ့ရတာပါ။ ဘရာဇီးကထွက်လာတည်းက ကျနော် ရီးရဲလ်မက်ဒရစ်အတွက် ကစားနိုင်မယ်ဆိုတာကို သိခဲ့ပါတယ်။ ကျနော် ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားတွေအများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး ချန်ပီယံဆုကတော့ လေ့ကျင့်ရေးကွင်းကိုလာဖို့ နေ့တိုင်း ရထားစီးခဲ့ရတာပါပဲ”


“မိုဒရစ်နဲ့တိုနီကရူးစ်ကို ကျနော် မေ့နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အတူတူ အောင်မြင်မှုတွေ ယူခဲ့ပါတယ်။ တနေ့ကျ သေချာပေါက်ဒီကိုပြန်လာမှာပါ။ ရီးရဲလ်မက်ဒရစ်က ကျနော့်ကို ချစ်တဲ့အတိုင်း ကျနော် ပြန်ပေးဆပ်ချင်ပါတယ်။ ဥက္ကဌရေ။ ကျနော် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအသင်းက ခင်ဗျားနဲ့အတူ ခမ်းနားတဲ့ အနာဂတ်ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ကက်စ်မဲရိုးရဲ့ နှုတ်ဆက်ပွဲအခမ်းအနားမှာ နည်းပြ အန်ဆယ်လော့တီရဲ့ မျက်ရည်တွေကိုလည်း မြင်တွေ့ခဲ့ရပြီး ကက်စ်မဲရိုးရဲ့ နှုတ်ဆက်စကား အဆုံးသတ်သွားချိန်မှာလည်း အခမ်းအနားကို တက်ရောက်လာတဲ့သူတိုင်းက မတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က