အမျိုးသမီးတိုင်းအသုံးပြုရလွယ်ကူတဲ့ လစဉ်သုံးပစ္စည်းငါးမျိုးအကြောင်းပြောပြချင်ပါတယ်။

ရာသီလာချိန်မှာ အသုံးပြုတဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေဟာ ပုံစံမျိုးစုံ၊ အမျိုးအစားမျိုးစုံရှိပါတယ်။ ဒီလိုအမျိုးအစားတွေအများကြီးထဲကမှ အမျိုးသမီးတွေအနေနဲ့ ကိုယ်နဲ့ ကိုက်ညီသင့်တော်တဲ့ အသုံးပြုရလွယ်ကူတဲ့ လစဉ်သုံးပစ္စည်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေ့တော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအကြောင်းနဲ့ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် လေးတွေ ပြောပြပေးချင်ပါတယ်။ 



အမျိုးသမီးလစဉ်သုံးဂွမ်းထုပ် 

မြန်မာနိုင်ငံက အမျိုးသမီးတိုင်းလိုလို အသုံးပြုနေတဲ့ လစဉ်သုံးပစ္စည်းတွေထဲမှာ sanitary pads လို့ခေါ်တဲ့ အရပ်အခေါ် ဂွမ်းထုပ်လို့လည်း ခေါ်ကြတဲ့ လစဉ်သုံးပစ္စည်းကတော့ အသုံးများကြပါတယ်။ ပုံမှန် လဲပြီး သုံးရတဲ့ ပစ္စည်းဖြစ်ပြီး သူ့ရဲ့ အားသာချက်ကတော့ ရာသီလာတာ များတဲ့သူတွေအတွက် အချိန်မဆိုင်းဘဲ လဲလှယ်လို့ရတာပါ။ မိန်းမကိုယ်အပြင်မှာသာ သုံးတဲ့အတွက်ကြောင့်မို့ ပိုးဝင်တာတွေကိုလည်း အနည်းငယ်တော့ ကာကွယ်ပေးနိုင်ပါတယ်။ အားနည်းချက်ကတော့ အမြဲတမ်းဝယ်ပြီး သုံးနေရတာဖြစ်တဲ့အတွက်ကြောင့်မို့ ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။ ပုံမှန်လစဉ်သုံးပစ္စည်း သုံးတဲ့အခါမှာဆိုရင် ၄ နာရီကနေ ၆နာရီကြား ပုံမှန်လဲလှယ်ပြီးတော့ သုံးသင့်ပါတယ်။ 

အမျိုးသမီးလစဉ်သုံးဂွမ်းတောင့် 

နောက်တစ်ခုကတော့ tampon လို့ခေါ်တဲ့ မိန်းမကိုယ်ထဲကို ထည့်တဲ့ ပစ္စည်းလေးပါ၊ သူ့ရဲ့ အားသာချက် ကောင်းကျိုးကတော့ ဂွမ်းထုပ်ထက်ပိုပြီး စုပ်ယူမှုအားကောင်းပါတယ်။ နေထိုင်သွားလာရတာပေါ့ပါးပြီး အားကစားလုပ်ချိန် ၊ ရေကူးချိန်တွေမှာပါ အသုံးပြုနိုင်ပါတယ်။ အားနည်းချက် ဆိုးကျိုးကတော့ ဒီ tampon ရဲ့ ဈေးနှုန်းက တချို့အမျိုးသမီးလေးတွေ လက်လှမ်းမီဝယ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ လက်ကို သေချာသန့်စင်ပြီး အသုံးမပြုတာ ၊ လဲသင့်တဲ့အချိန်မှာ မလဲတာမျိုးဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်နိုင်ပြီး toxic shock syndrome လိုမျိုးတွေဖြစ်နိုင်ပါတယ်။ လက်ကိုသေချာဆေးပြီး ၄ နာရီခြားတစ်ခါ လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးလစဉ်သုံး ရာသီခံခွက် 

မြန်မာနိုင်ငံမှာတော်တော် သုံးနေကြပြီဖြစ်တဲ့ menstrual cup လေးကတော့ တစ်ခါဝယ်ပြီးသွားလို့ရှိရင် နှစ်ချီအကြာကြီး အသုံးပြုလို့ရပါတယ်။ ဒီခွက်ကလေးကို အသုံးပြုပြီးတာနဲ့ သေချာဆေးကြောသန့်စင်ကာ ပြန်လည်အသုံးပြုနိုင်တာဖြစ်လို့ ‌ရေရှည်ကြည့်မယ်ဆိုရင်တော့ ကုန်ကျစရိတ်သက်သာပါတယ်။ မိန်းမကိုယ်ထဲကို ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်လည်း နေလို့ရပါတယ်။ သူ့ရဲ့ အားနည်းချက်လေးကတော့ ရာသီသွေး အဆင်းများချိန်မှာ မသိလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရာသီအလာများသူတွေအတွက် မကြာခဏလဲလှယ်ဖို့လိုအပ်ပါတယ်။ စတင်အသုံးမပြုဖူးသေးတဲ့ သူတွေအတွက်တော့ သုံးရမှာ ကြောက်ရွံ့ကြတာမျိုးဖြစ်နိုင်ပေမယ့် အသုံးပြုတတ်သွားပြီဆိုရင် တော်တော် အဆင်ပြေလုံခြုံတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဖြစ်ပါတယ်။ ၄နာရီကနေ ၆ နာရီကြား ပုံမှန်လဲလှယ်ပေးပါ။

ရာသီအတွင်းခံဘောင်းဘီ 

period underwear ဆိုတာကတော့ အမျိုးသမီးတွေ ရာသီလာချိန်မှာ ဝတ်ဆင်လို့ရတဲ့ အတွင်းခံဘောင်းဘီပါ။ လစဉ်သုံးပစ္စည်း အမျိုးအစားထဲမှာပါပြီး သူက underwear မှာ ရာသီကို စုပ်ယူပေးတဲ့ အလွှာလေးတွေ တစ်ခါတည်းပါအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ပုံမှန်အတွင်းခံဘောင်းဘီလို ဝတ်ဆင်ထားနိုင်တာပဲဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးမှုလည်းရှိပါတယ်။ ရာသီသွေးယိုဖိမ့်မှုနည်းပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ အလွှာ အထပ်ထပ် ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ပုံမှန်လစဉ်သုံးပစ္စည်းတွေထက်စာရင် ထူသယောင်ခံစားရစေပါတယ်။ ကုန်ကျစရိတ်လည်း ပိုများပါတယ်။  ၁၀နာရီကနေ ၁၂ နာရီကြား လဲလှယ်ဖို့ လိုအပ်ပါတယ်။

Reusable Cotton Pad

ဒါကိုတော့ ဟိုးအရင် လစဉ်သုံးပစ္စည်းတွေ အလွယ်တကူဝယ်မရတဲ့ အချိန်ကာလတွေတုန်းက အသုံးပြုခဲ့ကြတာပါ၊ ခုချိန်မှာလည်း လစဉ်သုံးပစ္စည်းကို အလွယ်တကူဝယ်ယူလို့ မရနိုင်သေးတဲ့ နေရာတွေမှာ ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ်။ သူကတော့ ပုံမှန် sanitary pads နဲ့ ပုံစံတူပြီး ပိတ်စနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ထပ်ခါထပ်ခါ လျှော်ပြီး အသုံးပြုနိုင်လို့ ကုန်ကျစရိတ်လည်း သက်သာပါတယ်။ လျှော်ပြီးရင်လည်း နေရောင်အောက်မှာ ခြောက်သွေ့အနံ့ကင်းအောင် နေပူလှန်းဖို့လိုအပ်ပါတယ်။ 

ဒီပစ္စည်း ငါးမျိုးကတော့ အမျိုးသမီးတွေ ရာသီလာချိန်မှာ အသုံးပြုနိုင်တဲ့ လစဉ်သုံးပစ္စည်းငါးမျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် ဓမ္မတာကျန်းမာရေးဟာ အရမ်းကို အရေးကြီးတာဖြစ်လို့ ရာသီလာချိန်မှာ အသုံးပြုတဲ့ လစဉ်သုံးပစ္စည်းဟာလည်း ကိုယ့်အတွက် သင့်တော်ကိုက်ညီတဲ့ ပစ္စည်းဖြစ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ ပြည်သူ့ကျန်းမာရေးဆရာဝန် ဒေါက်တာနန္ဒီရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က